<

မြစ်ကြီးနားမြို့အ၀င် ဗလမင်းထင်တံတားဂိတ်တွင် ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို တရားခံနှစ်ဦးနှင့်အတူ တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနာမြို့တွင် ကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက မြစ်ကြီးနားမြို့အ၀င် ဗလမင်းထင် တံတားဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ အခြေစိုက် မူးယစ်တပ်စု (၂) မှ ဒုရဲအုပ် ကျော်ကျော်တင့်ဆွေ ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ဧရာဦး စစ်ဆင်ရေးမှ ရဲအုပ်သက်နိုင်လက် ဦးစီးတပ်ဖွဲ့ဝင်များ၊ ၀ိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဗလမင်းထင်ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ မောင်အွန်ခွန်အောင် (ခ) ဆိုင်းအောင် မောင်းနှင်လာသည့် YGN-6H/ – – – – နံပါတ်ပါ TOYOTA PARADO အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ဆီတိုင်ကီ အံဝှက်အတွင်း ရောင်စုံဆပ်ပြာခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၂ ဂရမ်စီပါ ၅၀ ခွက်၊ ၁၁ ဂရမ်စီပါ ၃၃ ခွက် စုစုပေါင်း ဘိန်းဖြူအလေးချိန် ၉၆၃ ဂရမ် တစ်ဂရမ်လျှင် ကာလပေါက်ဈေး ၈၀၀၀၀ နှုန်းဖြင့် စုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇၇၀ သိန်း၊ 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပါ အိတ် ၉၀ စုစုပေါင်း ဆေးပြား ၁၈၀၀၀ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၅၄၀ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

တရားခံများအား စစ်ဆေးချက်အရ ယင်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲမြို့ မန်ကျယ်ကျေးရွာမှ ဦးနော်လီက သယ်ဆောင်ခိုင်းကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းနောက် အသွင်ယူဖမ်းဆီးရာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ် လမ်းမပေါ်ရှိ ရုပ်တုအနီးတွင် TOYOTA PARADO ယာဉ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့သည်။

အဆိုပါ ယာဉ်အံဝှက်အတွင်း ဘိန်းဖြူ ၁၁ ဂရမ်ပါ ဆပ်ပြာခွက် ၉၀၊ ယာဉ်အောက်ကြမ်းခင်းတွင် ၁၁ ဂရမ်စီပါ ၁၂၄ ခွက်၊ စုစုပေါင်း ဆပ်ပြာခွက် ၂၁၄ ခွက် စုစုပေါင်း အလေးချိန် ၂ ဒသမ ၃၅၄ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ် ၁၈၈၃ သိန်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ မြန်မာ-တရုတ် နယ်စပ်ခရီးသွားခွင့် လက်မှတ်၊ ယာဉ်မှတ်ပုံတင်များနှင့်အတူ ခဲရောင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၀ိုင်းမော်မြို့ရဲစခန်းတွင် မယ(ပ) ၁၇၄/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ အွန်ခွန်အောင် (ခ) ဆိုင်းအောင် (၃၂ နှစ်) (ဘ) ဦး နော်ဒီးမြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် စစ်ရှောင်စခန်း အဆောင် (၅) နေသူ (မိ) နှင့် ဦးနော်လီ ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲမြို့ မန်ကျယ်ကျေးရွာနေ (မိ) တို့အား အမှုဖွင့် အရေးယူထားကြောင်း ၊ ကွင်းဆက်တရားခံများ ဖမ်းမိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မူးယစ်တပ်ဖွဲ့စု (၂) မှ ရဲမှူးဌေးလွင်က “နှစ်ဦးတော့ မိတယ်။ ကွင်းဆက် ရှမ်းမြောက်က မမိသေးဘူး။ သယ်သူတွေ မိတာပေါ့။ တစ်ယောက်က ရွှေစက်ရပ်ကွက်က စစ်ရှောင်စခန်းကပါ။ အသုံးချခံကြရတာပေါ့။ ခရီးဆုံးက ဖားကန့်ကို သယ်မှာပါ”ဟု ပြောကြားသည်။

December 30, 2017














Copy Protected by Chetan's WP-Copyprotect.