မော်လမြိုင်မြို့လှိုင်ရပ်ကွက် မြို့ရှောင်လမ်းတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့လှိုင်ရပ်ကွက် မြို့ရှောင်လမ်းတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Published 30 December 2017

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေအိမ်အား မီးငြှိမ်းသတ်ပြီးတွေ့ရစဉ်

မော်လမြိုင်မြို့လှိုင်ရပ်ကွက် မြို့ရှောင်လမ်းတွင် ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ (၁၂း၃၀) အချိန်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ တိုက်ခံ၊ သွပ်မိုးနေအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မော်လမြိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးတင့်ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများမှ မီးသတ်ယာဉ် ခြောက်စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၁၂း၄၀) အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်အတွင်းပိုင်းနှင့် သွပ်အမိုးများ ပျက်ဆီးခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေအိမ်အတွင်း 3-KVA မီးအားမြှင့်စက်ကို အသုံးပြုကာ အဲယားကွန်း နှစ်လုံး၊ ရေခဲသေတ္တာ လေးလုံးနှင့် ထမင်းပေါင်းအိုးတို့ကို တစ်ပြိုင်တည်း သုံးစွဲမိ၍ မီးအားမနိုင်၍ ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်းကျွမ်းခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးပေါ့ဆစွာ အသုံးပြုခဲ့သည့် အိမ်ရှင်ဖြစ်သူ ကိုသက်စိုးဦး (၃၁) နှစ် (ဘ) ဦးစိုးသန်းအပေါ် ဒိုင်းကွင်းနယ်မြေရဲစခန်းမှ (ပ) ၉၀၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent