SMEs အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းတိုးတက်မှု အစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း ဒုတိယသမ္မတ ပြောကြား

SMEs အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းတိုးတက်မှု အစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း ဒုတိယသမ္မတ ပြောကြား
Published 31 December 2017

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် အဓိကလို အပ်နေသည့် SMEs Agency ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းတိုးတက်မှု အစီရင်ခံရေး အဖွဲ့များဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရရှိပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ဖွဲ့စည်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ဒီဇင်ဘာ ၃၀ ရက်တွင် ကုန်သည်စက်မှုအသင်း ချုပ်ရုံး၌ကျင်းပသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် (၁၃) ကြိမ်မြောက်တွေ့ဆုံပွဲတွင် ပြောကြားသည်။

“အဓိက,က ဒီသုံးခုကို ဖွဲ့ရမှာပေါ့။ ခွင့်ပြုချက်လည်းရပါပြီ။ ဒီရက်ပိုင်းအတွင်းမှာ ဗဟိုကော်မတီက အမြန်ဆုံးထုတ်ပြန်မှာပါ။ SMEs ကဏ္ဍဟာဆိုရင် တစ်နေ့က သတင်းစာထဲမှာ ဖတ်ရပါတယ်။ အိန္ဒိယဆိုရင် ကမ္ဘာ့တတိယ စီးပွားရေးအကြီးဆုံးဖြစ်လာတော့ မယ်ဆိုတာ။ ဒါဟာဘာကြောင့်လဲဆိုရင် သူတို့ဆီမှာ SMEs လုပ်ငန်းတွေအောင်မြင်လို့ ပါ။ SMEs လုပ်ငန်းတွေ အောင်မြင်လို့ရှိရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တော်တော်ကြီးကို အထောက်အကူပြုပါတယ်။ ဂျပန်ကိုကျော်လာပြီး အခုဆို တရုတ်ကို အမီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ကလည်း ဒီသုံးဖွဲ့ဖွဲ့စည်းပြီးရင် ကဏ္ဍအလိုက် ဆက်ပြီးဆောင်ရွက်ရမှာတွေ အများကြီးရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် SMEs လုပ်ငန်းပေါင်း ၅၈၂၄၁ ခု မှတ်ပုံတင်ထားပြီး လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံအခြေစိုက် KFW Development ဘဏ်နှင့် သမဝါယမဘဏ် ပူးပေါင်းကာ SMEs လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးပေးရန် ပြင်ဆင်နေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာအရ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အထိ မှတ်ပုံတင်ထားသော SMEs လုပ်ငန်းများမှာ အကြီးစားလုပ်ငန်း ၆၉၁၁ ခု၊ အလတ်စားလုပ်ငန်း ၁၀၁၄၀ ခု နှင့် အသေးစားလုပ်ငန်း ၄၁၁၉၀ ခုတို့ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ် နှစ်ဝက်အတွင်း SMEs လုပ်ငန်းများအတွက် ချေးငွေထုတ်ပေးခဲ့မှုများမှာ မြန်မာ့အာမခံလုပ်ငန်း၊ ဂျပန် SMBC နှင့် သမဝါယမဘဏ်ပူးပေါင်းကာ CGI စနစ်ဖြင့် လုပ်ငန်းရှင် ၁၀၇ ဦးအား ကျပ် ၉၇၃ သန်းကျော် ထုတ်ချေးပေးခြင်း အပါအဝင် လုပ်ငန်းရှင် ၁၃၄ ဦးအား ကျပ်သန်း ၁၃၆၀ ထုတ်ချေးပေးခြင်း၊ ကမ္ဘောဇဘဏ်မှ လုပ်ငန်းရှင်လေးဦးအား ကျပ် ၂၉၅ သန်း ထုတ်ချေးပေးခြင်း၊ SMIDB မှ လုပ်ငန်းရှင်နှစ်ဦးအတွက် ကျပ်သန်း ၃၀ ထုတ်ချေးပေးခြင်း၊ JICA ၏ Two - Step -Loan အစီအစဉ်အရ ပထမခြောက်လပတ်တွင် တတိယအကြိမ်ချေးငွေ ကျပ် ၁၆ ဘီလျံကျော်ကို လုပ်ငန်းရှင် ၈၃ ဦးအတွက် ပုဂ္ဂလိကဘဏ်ခြောက်ခုမှတစ်ဆင့် ထုတ်ချေးပေးခြင်းနှင့် လက်ရှိတွင် ဂျာမနီနိုင်ငံအခြေစိုက် KFW Development ဘဏ်နှင့် သမဝါယမဘဏ်ပူးပေါင်းကာ SMEs လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများမှာ တိုင်းပြည်စီးပွားရေး လုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး လက်ရှိအချိန်၌ အစိုးရက SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်နေသော်လည်း တစ်နှစ်ခွဲကျော်လာသည့်အချိန်အတွင်း ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်ခဲ့မှုမရှိဟု အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အဓိကသက်ဆိုင်သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားထားသည်။

အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME National Strategy ကို ချမှတ်ရေးနှင့် ထိရောက်စွာဖော်ဆောင်ရေး လိုအပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်တွဲ ဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်းပျံ့နှံ့နေသည့် SME များအား အသင်းအဖွဲ့တစ်ရပ်ဖွဲ့စည်းကာ ကိုယ်စားပြုကူညီထောက်ပံ့နိုင်ရေး၊ မြန်မာ့ SME များ ဈေးကွက်အချက်အလက်များ ရရှိနိုင်ရန်နှင့် ဖွံ့ဖြိုးရေးသုတေသနများ ပြုလုပ်နိုင်ရန် SME Information Center, လုပ်ငန်း မှတ်ပုံတင် One - Stop Center နှင့် SME Research Center များ တည်ထောင်နိုင်ရေးနှင့် SME ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ချမှတ်ထားပြီးဖြစ်သော်လည်း နောင်အနာဂတ် နှစ် ၃၀၊ နှစ် ၄၀ စသည်ဖြင့် SME ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များနှင့် SME National Strategy ကို ချမှတ်ရေးနှင့် ထိရောက်စွာ ဖော်ဆောင်ရေးလိုအပ်နေကြောင်း ဒေါက်တာအောင်သိန်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent