စိန်နှင့်မြအပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းနှင့် ရွှေစင်ရွှေတုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

စိန်နှင့်မြအပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းနှင့် ရွှေစင်ရွှေတုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 8 August 2017


သြဂုတ် ၈ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

စိန်နှင့် မြတို့အပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းနှင့် ရွှေစင်ရွှေတုံးတို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်တွင် သြဂုတ် ၈ ရက်က အတည်ပြုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြည်တွင်း၌ ထုတ်လုပ်နိုင်မှုမရှိသေးသည့် စိန်နှင့် မြတို့အား အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် ပြည်ပမှ စရိတ်သက်သာစွာ တရားဝင်တင်သွင်းနိုင်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ လက်ခစား ကျောက်သွေးလုပ်ငန်း လုပ်ဆောင်ခြင်းဖြင့် ကျောက်သွေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ခြင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာနိုင်ခြင်း၊ ကျောက်သွေးပညာရပ် ပိုမိုတိုးတက်လာပြီး ပြည်တွင်းထွက် ကျောက်စိမ်းကျောက်မျက်နှင့် ပတ္တမြားကဲ့သို့ ကျောက်မျက်များအတွက်ပါ ကုန်ချောကုန်စည်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ခြင်း၊ နိုင်ငံတကာအဆင့်မီ ကုန်ချောကုန်စည်ကို ပြည်ပသို့ တင်ပို့ရောင်းချပါက ဈေးနှုန်းပိုမိုရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့အတူ ရွှေစင်ရွှေတုံးကဲ့သို့ ကုန်စည်အား နိုင်ငံတကာတွင် ငွေကြေးကဲ့သို့ တန်ဖိုးသတ်မှတ်၍ အသုံးပြုလျက်ရှိရာ ရွှေစင်ရွှေတုံး ထုတ်လုပ်မှုအတွက် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းနှင့် ရောင်းချမှုတိုင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့သည် ရွှေစင်ရွှေတုံးများအား ဈေးဖွင့်ရောင်းချရာတွင် ကမ္ဘာ့ဈေးကွက်ဈေးနှုန်းဖြင့် ရောင်းချမှုမပြုနိုင်ဘဲ ဈေးနှုန်းတည်ငြိမ်မှုအား ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရွှေစင်ရွှေတုံးများကို သွယ်ဝိုက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည်ကို တွေ့ရကြောင်း၊ ရွှေစင်ရွှေတုံးများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် နိုင်ငံအတွင်း ရွှေဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေနိုင်သည့်အပြင် ငွေကြေးတန်ဖိုး ခိုင်မာမှုကို အထိုက်အလျောက် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် ဖွင့်လှစ်ရန်ရည်ရွယ်ထားသည့် နိုင်ငံတကာအဆင့်မီ ရွှေဈေးကွက် ဖြစ်ပေါ်စေရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရွှေစင်ရွှေတုံးများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်းဖြင့် နိုင်ငံအတွင်းမှ ရွှေထုတ်လုပ်သူများအတွက် နိုင်ငံတကာ ရွှေဈေးကွက်ဈေးနှုန်းအတိုင်း ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာတွင် ကျင့်သုံးသကဲ့သို့ ရွှေစင်ရွှေတုံးများသည် တန်ဖိုးခိုင်မာမှုရှိသော ငွေကြေးသဖွယ်သုံးစွဲနိုင်သည့် ပစ္စည်းတစ်ခုအဖြစ် နိုင်ငံအတွင်း ရပ်တည်စေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

Most Read

Most Recent