ထောက်ကြန်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်၌ သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားလို ထောက်ကြန့်စခန်းမှူးအား စတင်စစ်ဆေး

ထောက်ကြန်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်၌ သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားလို ထောက်ကြန့်စခန်းမှူးအား စတင်စစ်ဆေး
Published 30 December 2017

ထောက်ကြန်မြို့ ရဲစခန်းအနီးရှိ စားသောက်ဆိုင်၌ သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားလို ထောက်ကြန့်စခန်းမှူးအား ဒီဇင်ဘာ ၂၉ ရက်က စတင်စစ်ဆေးခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါ စားသောက်ဆိုင်တွင် သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုအတွက် ဆိုင်ပိုင်ရှင် အပါအဝင် နှစ်ဦးကို ပုဒ်မလေးခုဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၁၅ ရက်က စတင်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ထောက်ကြန့်မြို့ ရဲစခန်းအနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင် နိုဝင်ဘာ ၂၈ ရက်က သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုအတွက် ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် လက်ပံတန်းမြို့မှ မြင့်ကျော်ဆိုသူတို့ကို ပုဒ်မ ၂၉၄၊ ၂၉၅-က၊ ၃၂၃၊ ၄၀၃ တို့ဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သံဃာတစ်ပါးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အမှုအတွက် ဆိုင်ပိုင်ရှင် ဦးအောင်မိုးကို ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ပြီး မြင့်ကျော်ဆိုသူကို ဒီဇင်ဘာ ၅ ရက်က လက်ပံတန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦးကို တရားလို အပါအဝင် တရားလိုသက်သေ ၁၉ ဦးဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က တရားလိုဖြစ်တဲ့ ထောက်ကြန့်စခန်းမှူး ရဲအုပ်မြင့်လွင်ကို စစ်ဆေးတယ်။ နောက်လာမယ့် ရုံးချိန်းမှာတော့ တရားလိုပြ သက်သေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု မင်္ဂလာဒုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရုံးချိန်းတွင် တရားစွဲဆိုခံထားရသူ လမင်းသာ (၂) ဆိုင်ပိုင်ရှင် ဦးအောင်မိုး၏ အကျိုးတော်ဆောင် ရှေ့နေများက ဒုတိယအကြိမ်အဖြစ် အာမခံ လျှောက်ထားခဲ့သော်လည်း တရားစွဲဆိုထားသည့် ပုဒ်မများတွင် အာမခံပေး၍ မရသည့် ပုဒ်မပါရှိသောကြောင့် အာမခံမပေးကြောင်း တရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီး ရုံးချိန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထောက်ကြန့်ရဲစခန်း အနီးရှိ လမင်းသာ (၂) စားသောက်ဆိုင်သို့ ဆရာတော် ဘဒ္ဒန္တဣန္ဒ (ဓမ္မာစရိယ) မှ ဆေးသောက်ရန်အတွက် ရေနွေးတောင်းသောက်စဉ် “ဘုန်းကြီးနဲ့ အရက်ဆိုင်နဲ့ ဘာဆိုင်လို့လဲ။ အရက်သမား ဘုန်းကြီးလား။ ဘုန်းကြီးအတုကွ၊ ဖမ်းကွာ ရိုက်ကွာ” ဟု ပြောဆိုပြီး လူတချို့က ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပုသိမ်ပစ္ဆိမာရုံကျောင်း ဆရာတော်ကြီးနှင့် ကာယကံရှင် ဆရာတော်ဘဒ္ဒန္တဣန္ဒ (ဓမ္မာစရိယ) အပါအဝင် သံဃာတော်များ သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်များက မိန့်ကြားသည်။

တရားစွဲဆို ခံထားရသည့် မြင့်ကျော်ဆိုသူသည် ဥူးပညာသာရဘွဲ့ အမည်ဖြင့် ခမုံ ရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော် ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် တစ်ပါးဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရက်သေစာ သောက်စားခြင်းများ မကြာခဏ ပြုလုပ်တတ်၍ ရွာနှင့်အဆင်မပြေသည့် ဘုန်းကြီးတစ်ပါးဖြစ်ကာ ပြစ်မှုဖြစ်ပွားရာ လမင်းသာ (၂) စားသောက်ဆိုင်သို့ Facebook မှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ရောက်ရှိသောက်စား နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရိုက်နှက်ခံရသည့် ဆရာတော်ဘဒ္ဒန္တဣန္ဒ (ဓမ္မာစရိယ) သည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျက်သရေရွာ ဇာတိဖြစ်ပြီး ၁၃၂၅ ခုနှစ်တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ စတင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ကျက်သရေရွာ သိမ်တောင်ကျောင်းတိုက်၊ မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ကျောင်းတိုက်၊ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ကျောင်းတိုက်၊ ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက်တို့၌ ပညာသင်ကြားခဲ့ပြီး ၁၃၃၁ ခုနှစ် ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက် ဆရာတော် ကိုဥပ္ပဇ္ဈာယ်ပြု၍ ပစ္ဆိမာရုံခဏ္ဍသိမ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၁၃၃၂ ခုနှစ်တွင် ဒုတိယအကြိမ် သိက္ခာထပ် ရဟန်း၊ ၁၃၅၁ ခုနှစ်တွင် တတိယအကြိမ် သိက္ခာထပ် ရဟန်းအဖြစ် ရောက်ရှိခဲ့ပြီး ၁၃၇၄ ခုနှစ်တွင် ယောဂီတို့ရှေ့ဆောင်၊ ၁၃၇၅ ခုနှစ် တွင် ယောဂီတို့ထွက်လမ်း၊ ၁၃၇၆ ခုနှစ်တွင် ယောဂီတို့ အလင်းရောင် (ပ၊ ဒု)၊ ၁၃၇၇ ခုနှစ်တွင် ဗုဒ္ဓနှင့် ဘာသာသိစရာဆိုသည့် စာအုပ်များ ရေးသားထုတ်ဝေခဲ့ပြီး နောက်ဆုံးအနေဖြင့် ယခုနှစ် လေးလပိုင်းက ဗုဒ္ဓဘာသာဝင် သိစေချင်ဆိုသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့ကြောင်း သိရသည်။

Most Read

Most Recent