ဖျာပုံမြို့နယ်တွင် ပင်လယ်ပြင်အတွင်း လေကြမ်းတိုက်ခတ်မှုကြောင့် မျောပါသွားသော ကျားဖောင်များမှ ရေလုပ်သား ၂၄၆ ဦး ပြန်လည်တွေ့ရှိထားပြီး ၁၂ ဦးအား ရှာဖွေလျက်ရှိ

ဖျာပုံမြို့နယ်တွင် ပင်လယ်ပြင်အတွင်း လေကြမ်းတိုက်ခတ်မှုကြောင့် မျောပါသွားသော ကျားဖောင်များမှ ရေလုပ်သား ၂၄၆ ဦး ပြန်လည်တွေ့ရှိထားပြီး ၁၂ ဦးအား ရှာဖွေလျက်ရှိ
Published 30 December 2017

ဖျာပုံမြို့နယ်မှ ငါးပုဇွန်ဖမ်းသည့် ကျားဖောင်များအား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ပင်လယ်ပြင်အတွင်း လေကြမ်းတိုက်ခတ်မှုကြောင့် မျောပါသွားသော ကျားဖောင်များမှ ရေလုပ်သား ၂၄၆ ဦး ပြန်လည်တွေ့ရှိကာ ၁၂ ဦးအား ရှာဖွေလျက်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်က ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက်အထိ ပင်လယ်လေကြမ်းဖြင့် မျောပါသွားသည့် ကျားဖောင်များမှ ကျားဖောင် ၆၁ ဖောင် ပြန်လည်ရရှိပြီး ၂၃ ဖောင်မှာ ပျက်စီးသွားကြောင်း၊ ရှာဖွေဆဲ ကျားဖောင်လေးဖောင် ဖြစ်ကြောင်းနှင့် ရေလုပ်သား ၂၄၆ ယောက် ပြန်လည်ရှာဖွေတွေ့ရှိပြီး ၁၂ ယောက်ကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

“ဖြစ်တယ်ဆိုတဲ့ သတင်းကြားတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ကျားဖောင်ပိုင်ရှင်တွေကို ရေလုပ်ငန်း အဖွဲ့တွေရော ကျေးရွာအုပ်ချုပ်ရေးနဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ စုပေါင်းပြီးတော့မှ ရှာဖွေတယ်။ တချို့ကတော့  ကျားဖောင်မျောပြီး ပြန်ရောက်လာတယ်။ တချို့လည်း ကျားဖောင်ပျက်စီးပြီး သက်ဆိုင်ရာ ငါးဖမ်းစက်လှေတို့ တခြားသော လိုက်ရှာတဲ့ အဖွဲ့တွေနဲ့တွေ့ပြီး ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောကြားသည်။

ဖျာပုံမြို့နယ်တွင် နှစ်စဉ်အရှေ့မှ လေနီကြမ်း တိုက်ခတ်ပါက ကျားဖောင်ကြိုးများပြတ်ကာ ပင်လယ်တွင်း မျောပါမှုများဖြစ်ပွားတတ်ပြီး လေနှင့်အတူ ကမ်းစပ်သို့ ပြန်လည် ရောက်ရှိခဲ့သူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက်တွင် ဖျာပုံမြို့နယ် အမာမြို့မှ ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာ၊ အေးသာယာ ကျေးရွာအုပ်စုမှ မြစ်တန်းကျေးရွာ၊ ဒေးဒလူကျေးရွာအုပ်စုမှ ငါးပုဇွန်ရှာဖွေ ဖမ်းဆီးသည့် ကျားဖောင် ၈၆ ဖောင်မှ ဖောင်တစ်ဖောင်လျှင် ရေလုပ်သား သုံးဦးနှုန်း လိုက်ပါသောကြောင့် ၂၅၈ ဦးမှာ ပင်လယ်ပြင် အရှေ့လေကြမ်း တိုက်ခတ်မှုကြောင့် ပင်လယ်တွင်းသို့ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

Most Read

Most Recent