ပြင်စလူမြို့ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်ကာ ရေလုပ်သားငါးဦး ပျောက်ဆုံးနေ

ပြင်စလူမြို့ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်ကာ ရေလုပ်သားငါးဦး ပျောက်ဆုံးနေ
Published 30 December 2017

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မှ လပွတ္တာမြို့နယ် ပြင်စလူမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်တွင် ငါးဖမ်းစက် လှေတစ်စင်းနစ်မြုပ်ကာ ရေလုပ်သားငါးဦး ပျောက်ဆုံးနေကြောင်း ဒီဇင်ဘာ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပိုင်ရှင် ဦးသာထွန်း၏ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေ သီတာမွန် (၁) မှာ ဒီဇင်ဘာ ၂၈ ရက် နံနက် ၄ နာရီခန့်တွင် ငါးဖမ်းနေစဉ် လှိုင်းလေဒဏ်ကြောင့် နစ်မြုပ်ခဲ့ရာ အနီးရှိ ငါးဖမ်းလှေများနှင့် ပမ္ပဝတီ ရေတပ်စခန်းမှ စစ်ရေယာဉ်မှ ကယ်ဆယ်ခဲ့ရာ ရေလုပ်သား ၂၁ ဦးကို ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ရေလုပ်သားငါးဦး ပျောက်ဆုံးနေသေးသည်ဟု သိရသည်။

“တိမ်းစောင်းပြီး မြုပ်တဲ့အချိန်မှာ ဘေးနားမှာရှိတဲ့ စက်လှေတွေနဲ့ စစ်ရေယာဉ် ၅၅၉ ကလည်း ဘေးမှာရှိနေတော့ ဒါတွေကို ကယ်ဆယ်ပြီးတော့မှ ဟိုင်းကြီးကျွန်း ဆိပ်ကမ်းအထိ ပြန်ပို့ပေးခဲ့တာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောကြားသည်။

၎င်းငါးဖမ်းစက်လှေတွင် ရေလုပ်သား ၂၆ ဦးပါရှိကာ ဆယ်ယူရရှိသည့် ရေလုပ်သား ၂၁ ဦးအား ဟိုင်ကြီးကျွန်း ဆိပ်ခံတံတားထိ ပို့ဆောင်ခဲ့ပြီး ပျောက်ဆုံးနေသော ရေလုပ်သားငါးဦးအား အနီးပတ်ဝန်းကျင်ရှိ ငါးဖမ်းစက်လှေများဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent