ပုဂံဘုရားများပေါ် တက်ရောက်ခြင်းကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ပညာပေး တားမြစ်ဆောင်ရွက်မည်

ပုဂံဘုရားများပေါ် တက်ရောက်ခြင်းကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ပညာပေး တားမြစ်ဆောင်ရွက်မည်
Published 30 December 2017

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှုခင်းကြည့် တောင်ကုန်းငယ်ပေါ်မှ ခရီးသွားများ နေထွက်ချိန် ကြည့်ရှုနေစဉ် (ဓာတ်ပုံ-ကိုနော်)

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် နေဝင်နေထွက်ရှုခင်း ကြည့်ရှုရန် ဘုရားများပေါ် တက်ရောက်နေခြင်းများကို ရှေးဟောင်းသုတေသန ဦးစီးဌာန အနေဖြင့် အတင်းအကျပ် တားမြစ်ဆောင်ရွက်သည်မျိုး မလုပ်ဘဲ ပညာပေး တားမြစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“နေဝင်ချိန်ကြည့်ဖို့ View mt. တွေ လုပ်ပေးထားတာ ရှိပါတယ်။ ဘုရားပေါ်တက်ဖို့ ခွင့်ပြုတာ မရှိပါဘူး။ နောင်လည်း ခွင့်ပြုမှာ မဟုတ်ဘူး။ လက်ရှိဘုရားပေါ် တက်နေကြတာကိုလည်း အတင်းအကျပ် ဆွဲချတာမျိုး မလုပ်ဘဲ ပညာပေးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ရေရှည်လုပ်သွားရမယ့်သဘော ရှိပါတယ်” ဟု ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြတိုက် ညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“မနေ့က အစည်းအဝေးမှာ ရှုခင်းကြည့် တောင်ကုန်းငယ်တွေအတွက် နေရာသစ်တွေ ထပ်ရှာဖို့ သူတို့က ပြောပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်နေချိန်မှာ ခုလိုကိစ္စမျိုးတွေ အမွေအနှစ်ဇုန်အတွင်း မလုပ်သင့်တဲ့အကြောင်း၊ မဖြစ်သာလို့ လုပ်ရင်တောင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ HIA စိစစ်ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်” ဟု ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ရှုခင်းကြည့် တောင်ကုန်းငယ်များ အသစ်ထပ်မံ တည်ဆောက်ရေး အစည်းအဝေး တက်ရောက်ခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဖော်ဆောင်ရေး ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ဧည့်လမ်းညွှန် ကိုနိုင်ထွန်းက ပြောကြားသည်။

ဘုရားပေါ် တက်ရောက်ခွင့် တားမြစ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုရှိသော ဘုရားများကို စိစစ်၍ အလှည့်ကျဖွင့်ကာ အရေအတွက် အကန့်အသတ်ဖြင့် တက်ရောက်ခွင့် ပြုစေချင်ကြောင်း၊ ယခုနှစ် ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် ယခင်နှစ်ထက် လျော့နည်းလျက်ရှိရာ ခရီးသွားများ စိတ်ငြိုငြင်မှုဖြစ်မည့် ဆောင်ရွက်မှုများ အထူးရှောင်ရှား စေချင်ကြောင်း ကိုနိုင်ထွန်းက ပြောကြားသည်။

ပုဂံတွင် ရှေးဟောင်းစေတီပုထိုးများပေါ် တက်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်နိုင်ရန် ရှုခင်းကြည့် တောင်ကုန်းငယ်များ ဆောင်ရွက်ထားရှိပြီး ဘုရားများပေါ် တက်ရောက်ခြင်းမပြုရန် သတိပေးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent