<

အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ မမှန်မကန်လုပ်ဆောင်မှုများရှိပါက တိုင်ကြားကြရန် ပြည်သူများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ မမှန်မကန်လုပ်ဆောင်မှုများရှိပါက တိုင်ကြားကြရန် ပြည်သူများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ဒေသခံ လူငယ်များနှင့်ငြိမ်းချမ်းရေး စကားဝိုင်းတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစကားဝိုင်းတွေ့ဆုံပွဲတွင် ဦးမာရီးယိုက “ကျွန်တော်ကငယ်ငယ်ကတည်းက စစ်ဖြစ်ပွားမှုအတွင်းမှာပဲ ကျွန်တော်ကြုံလာခဲ့ရတယ်။ ကြောက်လည်းကြောက်ခဲ့ရ။အခုထိ အမေစုရှေ့မှာ ရောက်တဲ့အထိ ကြောက်စိတ်တွေနဲ့ပဲ အသက်ရှင်နေရတာ။ ပြည်တွင်းစစ်အနေနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတာကို ဒီအဖွဲ့အစည်းတွေ လက်နက်ကိုင်တပ်ဖွဲ့တွေ ကိုလည်း ပြောင်းလဲချိန် မတန်သေးဘူးလားလို့ တိုင်းရင်းသားကိုယ်စား မေးချင်ပါတယ်”ဟု ဆွေးနွေးသည်။

ဒေါ်အောင်ဆန်းစုကြည်က “လူဆိုတာ အလေ့အကျင့်ပေါ့။ လက်နက်ကို သိပ်ပြီးတော့ ကြာကြာ အားကိုးတဲ့လူတွေက လက်နက်ကို စွန့်လွှတ်ရမှာတော့ နည်းနည်းခက်ခဲမှုရှိတယ်လို့ ကျွန်မက ဒီလိုပဲထင်တယ်။  ဘာလို့လဲဆို ဒီဟာက လုပ်နေကျ အလေ့အကျင့်တစ်ခုလိုဖြစ်သွားပြီးတော့ လက်နက် ဟာ အင်အားလို့ ထင်သွားကြတယ်။ လက်နက်ကို တစ်ခါမှမကိုင်ရဘဲနဲ့ ရုန်းကန်ရတဲ့ လူတွေကျတော့ လက်နက်ဟာ အင်အားဆိုတာကို မယုံကြည်ဘူး။ စိတ်ဓာတ်ဟာ အင်အားလို့ပဲ ယုံကြည်တယ်။ ဒီစိတ်ဓာတ်မှန်ကန်မှ ကိုယ်လုပ်တဲ့ အလုပ်တွေက မှန်ကန်မယ်လို့ ယုံကြည်တယ်။ လူကြီးတွေကိုကြောက် နေရတယ်ဆိုတာ ကြောက်နေရတာစိတ်ပေါ့။ အကြောက်တရားကတော့ အဂတိတရားလေးပါးထဲမှာ ပါပါတယ်။ အကြောက်တရားဆိုတာ။ အချို့တွေ အဂတိလိုက်စားတယ် ဆိုတာဟာ လက်ပေးလာဘ်ယူ လုပ်တယ်လို့ပဲ ထင်တယ်။ ကျွန်မ ခဏခဏ သတိပေးရတယ်။  ကြောက်လို့ မမှန်တာတွေ လုပ်တာတွေ အများကြီးရှိတယ်။ ကြောက်စိတ်ဆိုတာ လူကို မဟုတ်တာတွေ အများကြီး လုပ်စေတယ်။ ကြောက်လို့ ခိုင်းတိုင်းလုပ်တယ်။ မဟုတ်မှန်း သိပေမဲ့ အထက်လူကြီးက ငြိုငြင်မှာစိုးလို့ ဒဏ်ပေးမှာစိုးလို့ ဒုက္ခပေးမှာ စိုးလို့ စသဖြင့် မလုပ်သင့်တာကို လုပ်တယ်။ နောက်ပြီးတော့ လုပ်သင့်တာကိုလည်း မလုပ်ဘူး။ လုပ်သင့် တာ မလုပ်ဘူးဆိုတာလည်း ဒီအကြောင်းကြောင့်ပဲကြောက်လို့။ ဒါကြောင့်မို့လို့ ကြောက်ခြင်းတရားဆိုတာလည်း လမ်းမှားပေါ်ကို ပို့တတ်တယ်။ ကြောက်ပြီးတော့ လုပ်ရမယ့် ကိစ္စကို လုပ်ရမှန်းသိလျက်နဲ့ မလုပ်ဘဲနေတာ ဒါတွေလည်းရှိတာပေါ့။ ဒီကြောက်ခြင်းတရားတွေ ပပျောက်ဖို့ဆိုတာ ပြည်သူတွေကို လုပ်ပိုင်ခွင့်ပေးရတယ်။ ဒီလုပ်ပိုင်ခွင့်တွေကို ပြည်သူတွေကလည်း သုံးမှရမယ်”ဟု ပြောကြားသည်။

ဆက်လက်၍ “အခုဆိုရင် ကျွန်မတို့ အစိုးရအနေနဲ့ ဒီနိုင်ငံမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်၊ မတရားလုပ်တာတွေရှိနေတယ်၊ အစိုးရအဖွဲ့တွေကပဲဖြစ်ဖြစ် အုပ်ချုပ်ရေးယန္တရားထဲကပုဂ္ဂိုလ်တွေထဲက ဘယ်သူပဲ ဖြစ်ဖြစ် မတရားတဲ့ ကိစ္စတွေလုပ်လို့ရှိရင် ပြည်သူတွေကို တိုင်ပိုင်ခွင့်ပေးထားတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ်တိုင်မှရမယ်။ မတရားသဖြင့် လုပ်တာကို ကြည့်နေပြီး ကြောက်လို့ မတိုင်ဘူးဆိုလို့ရှိရင်လည်း ကိုယ်လည်း ဒီအထဲမှာ ပါရာရောက်တာပေါ့။ ဒီထဲမှာ မဟုတ်တာလုပ်တာကို အားပေးရာ ရောက်သွားတာပေါ့။ အခု ဒီအခန်းထဲမှာဆိုလို့ရှိရင် အစိုးရအဖွဲ့ဝင်တွေလည်းရှိတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အဲဒီက လူတွေက မမှန်မကန်တာ လုပ်တယ်ဆိုရင် ပြည်သူတွေက တိုင်ကြပါ။ ကိုယ့်မှာ တိုင်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေကို သုံးရမယ်။ မသုံးလို့ရှိရင် အလကားပဲ။ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ပွစိပွစိနဲ့ ပြောနေပြီးတော့ ဒီဝန်ကြီးကဖြင့် မဟုတ်ဘူး၊ လုပ်တာကိုင်တာတွေက မတရားဘူး ဘာဘူး အဲဒီလို ပြောနေလို့ ကျွန်မတို့ မသိလို့ရှိရင် ဘာမှလုပ်လို့မရဘူး။ သိမှ စည်းမျဉ်းစည်းကမ်းအရ ဥပဒေအရ အရေးယူလို့ရမှာ။ ဒါကြောင့်မို့ ကိုယ့်မှာ အဲဒီလောက်တော့ တာဝန်ကျေမှုရှိရမယ်။ ကြောက်ပြီးတော့ မလုပ်ရဲပါဘူး မတိုင်ရဲပါဘူးဆိုရင် တစ်သက်လုံးထိုင်ပြီးကြောက်နေရမယ်။ အဲဒီတော့ ကြောက်မနေနဲ့။ ပြောစရာရှိတာ ပြောရမယ်။ လုပ်စရာရှိတာ လုပ်ရမယ်။ အဲဒီလိုပြောခြင်းအားဖြင့် လူများကို စော်ကားတာကို ပြောတာ မဟုတ်ဘူး။ တချို့တွေက လူများကို စော်ကားတာလူများကို ရိုင်းရိုင်းစိုင်းစိုင်းပြောတာကို သတ္တိရှိတယ်လို့ ထင်တယ်။ ဒါ သတ္တိရှိတာ မဟုတ်ဘူး ရိုင်းတာက ရိုင်းတာပဲ။ စော်ကားတာက စော်ကားတာသက်သက် ဒါအောက် တန်းကျတာပဲ။ ဘာမှ သတ္တိရှိတာလည်း မဟုတ်ဘူး။ ဒါကောင်းတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပြောသင့်ပြောထိုက်တာကို ပြောရဲတဲ့သတ္တိရှိရမယ်။ နောက် ယဉ်ယဉ်ကျေးကျေးလည်း ပြောတတ်ရမယ်။ တချို့တွေက ရိုင်းရိုင်းစိုင်းစိုင်းပြောတာကို ဟုတ်လှပြီလို့ ထင်နေကြတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ် ဆိုတာ ကိုယ့်သိက္ခာလည်းကျတယ်။ ကိုယ့်ရဲ့  လူမှုအသိုင်းအ၀ိုင်းလည်း သိက္ခာလည်းကျတယ်။ ကိုယ့်ရဲ့ နိုင်ငံ့သိက္ခာလည်းကျတယ်။ တိုင်စရာရှိတာကို တိုင်ပါ။ ဘယ်လူကြီးကိုမှ မကြောက်နေပါနဲ့။ ၀န်ကြီးချုပ်ကို ကြောက်ရလား။ အခုလုံးဝမကြောက်နဲ့နော်။ ၀န်ကြီးတွေ ကိုလည်းမကြောက်နဲ့။ ၀န်ကြီးတွေက ကြောက် ရမှာ။ ဘာဖြစ်လို့လဲဆိုရင် မတော်မတရားလုပ်ရင် ၀န်ကြီးတွေက အလုပ်ပြုတ်မှာ။ တောင်သူလယ်သမားတွေက အလုပ်ပြုတ်မှာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်လယ်ယာ ကိုယ်လုပ်ပြီး ကိုယ်စားတာ။ ကိုယ်သူများကို ခိုးတာ ၀ှက်တာ မဟုတ်တာ မလုပ်ရင် ကိုယ့်ဘာမှလုပ်လို့ မရဘူး။ ၀န်ကြီးတွေရော ၀န်ကြီးချုပ်က အစပေါ့။ ဒီအစိုးရအဖွဲ့ဝင်တွေရော ဒီအုပ်ချုပ်ရေးဘက်မှာရှိတဲ့ အရာရှိတွေရော လုံခြုံရေးအရာရှိတွေရော မှန်မှန်ကန်ကန် သူတို့အလုပ် သူတို့လုပ်သွားရင် သူတို့လည်း ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ဒါပေမဲ့လို့ သူတို့အလုပ်ကို မှန်မှန်ကန်ကန် မလုပ်ဘူးဆိုရင် ပြည်သူကနေ တိုင်ပိုင်ခွင့်ရှိတယ်။ တိုင်တယ်ဆိုတာ ပြည်သူကိုယ်တိုင်က အရေးမယူနိုင်လို့ အလကား အားအားလျားလျားတိုင်တာကို ပြောတာမဟုတ်ဘူး။ အရေးယူသင့်တဲ့လူကို အရေးယူဖို့ ပြည်သူက ၀ိုင်းပြီး ကူရမယ်။ ဒါကြောင့်မို့ ပြည်သူတွေကနေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ်။ ကိုယ့်ကို တန်ဖိုးထားတယ် ဆိုတာ မာန်တက်ပြီး ငါဘာလုပ်လုပ် လုပ်လို့ရ တယ်ဆိုတာ ပြောတာမဟုတ်ပါဘူး။ ကိုယ့် မှာလည်း လုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ့်မှာလည်း အရည်အချင်းရှိတယ်။ ဒီအရည်အချင်းကို သုံးရမယ်။ မမှန်မကန် လုပ်နေမှန်းသိရဲ့သားနဲ့ မြင်ရဲ့သားနဲ့ ကြောက်ပြီးတော့ ဘာမှ မလုပ်ဘူးဆိုရင် ဒါ ကိုယ့်မှာလည်း အပြစ်ရှိတာပဲ။ မဟုတ်တာလုပ်တဲ့ သူမှာသာ အပြစ်ရှိတာ မဟုတ်ဘူး။ မြင်လျက်နဲ့ ဒီဟာကို ဘာမှ မလုပ် တာ ကြောက်လို့မလုပ်တာ ဘာအကြောင်းပဲ ဖြစ်ဖြစ် ကြောက်လို့ မလုပ်တာဆိုလည်း မှားတာပဲ။ အဲဒီဟာတော့ လုပ်ရမယ်။  တိုင်တတ် တောတတ်အောင်တော့ သင်ပေးတာမဟုတ်ဘူး။ တိုင်တတ်တောတတ်အောင် အားပေးတာမဟုတ်ဘူး။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို မှန်မှန် ကန်ကန် တာဝန်ရှိရှိနဲ့လုပ်ဖို့ကို အားပေးတာ။ ဒီလို ပြည်သူလူထုက မထိန်းသွားလို့ရှိရင် အစိုးရတစ်ဖွဲ့လုံးကို ဘယ်လိုထိန်းမလဲ။အစိုးရအဖွဲ့ထဲမှာဆိုရင် အဖွဲ့ဝင်တွေ အုပ်ချုပ်ရေး ယန္တရားထဲမှာဆိုရင် အစိုးရရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဒီလောက် တစ်တိုင်းပြည်လုံးမှာ များနေတာကို ဘယ်လိုလုပ် တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အခြေအနေကို အထက်က ဗဟိုအစိုးရက သိမှာလဲ။ ပြည်သူတွေကနေ တင်ပြမှ ပြည်သူက အသိပေးမှ သိနိုင်မှာ။ အဲဒီလို အသိပေးဖို့ကို ၀န်မလေးပါနဲ့။ မှတ်ထားပါအစိုးရကလည်း ဒီမိုကရေစီ စနစ်အရ ရွေးကောက်ပွဲလုပ်တယ်ဆိုရင် အစိုးရလုပ်တဲ့ လူတွေက ပြည်သူကို ကြောက်ရတယ်။ တော်ကြာ မဲမပေးမှာ စိုးလို့။ အဲဒါကြောင့် သူတို့ကလည်း ကိုယ့်ကိုကြောက်တယ်ဆိုတာ သဘောပေါက်ပါ။ အဲဒီဟာကို သဘောပေါက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါ”ဟု ပြောကြားသည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်ပြီး အထူး မည်သည့်အခက်အခဲများရှိလဲဆိုသည်ကို နည်းနည်း ပြောပြလို့ရမလားဟု ဒေါ်အောင်ဆန်းစုကြည်၏မေးမြန်းချက်အား ဦးမာရီးယို က “ဟုတ်ကဲ့ပါ။ လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီး တောင်ယာကဏ္ဍနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့ စစ်ပွဲပြီးတော့ တောင်ယာသွားမယ်ဆိုပြီး တောင်ယာသွားကြည့်လိုက်တော့ တပ်ပိုင်မြေ မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့တယ်”ဟု ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလိုဆိုလို့ရှိရင် ဒီဟာတွေ ပြောရမှာပဲ။ ဘယ့်နှယ့် တပ်ပိုင်မြေ မကျူးကျော်ရတွေ ဖြစ်သွားလဲဆိုတာ ကြည့်ပြီးတော့ လုပ်ရမယ်။ နောက် ၀န်ကြီးချုပ်ကလည်း ဒီဟာကို ကြည့်ပေးပါ။ အစိုးရကလည်း ကြည့်ပေးပါ။ ဒီမှာရှိတဲ့ နယ်လုံဝန်ကြီးတို့ တိုင်းမှူးတို့ကလည်း ကြည့်ပေး ပါ။ဘာဖြစ်လို့ ဒီလောက်တောင် ပြည်သူတွေ လယ်မလုပ်ရဘဲနဲ့ တပ်ပိုင်မြေတွေပဲ ဖြစ်နေလဲဆိုတာကို”ဟု ပြောကြားသည်။

December 29, 2017














Copy Protected by Chetan's WP-Copyprotect.