ပြည်တွင်း၌ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်း (အရည်) များ ထုတ်လုပ်တင်သွင်း ရောင်းချမှုကို လုံးဝပိတ်ပင်နိုင်ရန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး ဝန်ကြီးဌာနထံ အကြံပြုစာ ပေးပို့မည်

ပြည်တွင်း၌ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်း (အရည်) များ ထုတ်လုပ်တင်သွင်း ရောင်းချမှုကို လုံးဝပိတ်ပင်နိုင်ရန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး ဝန်ကြီးဌာနထံ အကြံပြုစာ ပေးပို့မည်
Published 30 December 2017

အီးစီးကရက် သောက်သုံးနေသူ တစ်ဦးကို တွေ့ရစဉ် (Photo – CNN)

အာဆီယံနိုင်ငံများနည်းတူ ပြည်တွင်း၌ အီးစီးကရက်၊ ၎င်းနှင့် ဆက်စပ်ပစ္စည်း (အရည်) များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချမှုအားလုံးကို လုံးဝပိတ်ပင်နိုင်ရန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ အကြံပြုစာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် လက်ရှိဥပဒေများဖြစ်သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ၊ အမျိုးသား အစားအသောက်ဥပဒေနှင့် အမျိုးသားဆေးဝါး ဥပဒေတို့အရ လူ၏ကျန်းမာရေးနှင့် အသက်အန္တရာယ် ဖြစ်စေသော အီးစီးကရက်နှင့်အတူ ၎င်းနှင့်ဆက်စပ်ပစ္စည်း (အရည်) များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချမှုအားလုံး လုံးဝပိတ်ပင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရန် အကြံပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်က ကျင်းပခဲ့သည့် ‘အီးစီးကရက်နှင့် ရေပြောင်းသုံးစွဲမှု ထိန်းချုပ်ခြင်း စည်းမျဉ်း ဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’ ၌ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ပါဝင်လျက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ အဆိုပါ ဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များကိုပါ ဝန်ကြီးဌာနထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်း(အရည်) များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချမှုအားလုံး လုံးဝပိတ်ပင်နိုင်ခြင်း မပြုနိုင်ပါက လူငယ်လူရွယ်များ အထူးသဖြင့် အသက် ၂၁ နှစ်အောက် လူငယ်များကို အီးစီးကရက်သုံးစွဲမှု တားဆီးလျော့နည်းစေရန် ရည်ရွယ်လျက် အသက် ၂၁ နှစ်မပြည့်သေးသူများအား အီးစီးကရက်နှင့်အတူ ၎င်းနှင့်ဆက်စပ်ပစ္စည်း (အရည်) များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းကို ပိတ်ပင်တားဆီးရန်၊ အသက် ၂၁ နှစ် မပြည့်သေးသူများ၏ လက်ဝယ်တွင် အီးစီးကရက်နှင့်အတူ ၎င်းနှင့်ဆက်စပ်ပစ္စည်းများ တွေ့ရှိ က သိမ်းဆည်းရန်၊ အများပြည်သူ (ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင်) ဝင်ထွက်သွားလာသော နေရာများ (ခရီးသွားယာဉ်များ အပါအဝင်) တွင် ဆေးလိပ်လုံး၀ မသောက်ရန် တားမြစ်ထားသည့်အတိုင်း အဆိုပါ နေရာများတွင် အီးစီးကရက်ကို အသုံးပြုခြင်းအား လုံးဝပိတ်ပင် တားမြစ်ရန်၊ အီးစီးကရက်နှင့်အတူ ၎င်းနှင့်ဆက်စပ်ပစ္စည်း  (အရည်) များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချခြင်း စသော ကုန်သွယ်မှုများကို မှတ်ပုံတင်ပြီး လိုင်စင်ထုတ်ပေးခြင်းဖြင့် ထိန်းချုပ်ရန်၊ အီးစီးကရက်နှင့်အတူ ၎င်းနှင့်ဆက်စပ်ပစ္စည်း (အရည်) များကို အထူးကုန်စည်ခွန် ကောက်ခံသည့် ကုန်စည်ပစ္စည်းအဖြစ် စာရင်းသွင်းပြီး အခွန်နှုန်းများများ ထားရှိကောက်ခံရန် စသည့် အကြံပြုချက်များကိုပါ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စစ်တမ်းအရ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် နေထိုင်သည့် နိုင်ငံပေါင်း ၁၃၀ ကျော် (မြန်မာအပါအဝင်) တွင် အီးစီးကရက်များကို ထိန်းချုပ်နိုင်သည့် ဥပဒေများ၊ အမိန့်များ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း၊ ထိန်းချုပ်နိုင်သည့် ဥပဒေများ၊ အမိန့်များ ပြဋ္ဌာန်းနိုင်သည့် နိုင်ငံ ၅၉ နိုင်ငံတွင် အီးစီးကရက်ကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချမှု လုံးဝပိတ်ပင်ထားသည့် နိုင်ငံ ၁၃ နိုင်ငံသာ ရှိကြောင်း သိရသည်။

 

Most Read

Most Recent