အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် ဟောင်ကောင်လေဆိပ်တွင် ဓာတ်ပုံအတူရိုက်ခဲ့သည့် မိုင်းဖြတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က သက်သေအဖြစ် လာရောက်ထွက်ဆို

အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် ဟောင်ကောင်လေဆိပ်တွင် ဓာတ်ပုံအတူရိုက်ခဲ့သည့် မိုင်းဖြတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က သက်သေအဖြစ် လာရောက်ထွက်ဆို
Published 30 December 2017

ဦးကိုနီအမှုတွင် တရားစွဲဆိုခံထားရသူများကို ဒီဇင်ဘာ ၂၉ ရက်က ရုံးထုတ်လာစဉ်

အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့် ဟောင်ကောင်လေဆိပ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သည့် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တရားလိုပြ သက်သေအ ဖြစ် အမှုစစ် တရားရုံးသို့ လာရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်း အပါအဝင် အမှုနှင့် စပ်ဆက်သူများဖြစ်သည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ လေးဦးကို ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် လွှတ်တော်ကိုယ်စားလှယ်က လာရောက် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိ မိုင်းဖြတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ကိုအောင်ဝင်းခိုင်နဲ့ ဒီအက်စ်အေ ၃၆ မှာ အတူတက်ခဲ့တယ် ဆိုတဲ့အကြောင်း၊ သူအဓိက လာထွက်ဆိုတဲ့ အကြောင်းကတော့ ၃၀ ရက်နေ့ည (ဦးကိုနီလုပ်ကြံခံရပြီး နောက်တစ်ရက်)မှာ သူရှိတဲ့နေရာကို အောင်ဝင်းခိုင် ဖုန်းဆက်ရောက်လာပြီးတော့ သူ့ဆီကနေ ပိုက်ဆံ ၁၀ သိန်း ချေးသွားတယ်။ ချေးသွားတဲ့ကိစ္စက မကွေးမှာ တင်ဒါကိစ္စရှိနေလို့ အရေးကြီးနေတယ်။ ပိုက်ဆံလည်း လိုနေလို့ နောက်ဘဏ်ဖွင့်တဲ့နေ့ကျ ပြန်ပေးမယ်ဆိုပြီးတော့ သူ့ဆီက ၁၀ သိန်း လာချေးသွားတယ် ဆိုတဲ့အကြောင်း လာပြီးသက်သေထွက်တာ ဖြစ်ပါတယ်။ နောက်မှ အောင်ဝင်းခိုင်က ပြစ်မှုကျူးလွန်သူ ဖြစ်ကြောင်း သိရတယ်ပေါ့။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေဆိုတော့ သိပ်ပြီးတော့ ပြဿနာ မရှိပါဘူး။ ပိုက်ဆံလိုနေတဲ့ သူငယ်ချင်း တစ်ယောက်က လာချေးတဲ့အခါမှာ သူလည်းသိတာ မဟုတ်တော့ ပြဿနာ မရှိဘူး” ဟု တရားလိုဘက်မှ လွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောကြားသည်။

ထို့ပြင် သာကေတမြို့နယ် (၁) ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူမှာ အောင်ဝင်းဇော်၏ နေအိမ်အား ရဲတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အောင်ဝင်းဇော်၏ နေအိမ်မှ သိမ်းဆည်းခဲ့သည့် ရီမုပါသည့် ကားသော့တစ်ချောင်း၊ အဝတ်အထည်များ စသည်တို့ကို ရဲတပ်ဖွဲ့ထံသို့ ပေးအပ်ခဲ့သည့် အကြောင်းများကို တရားခွင်၌ ထွက်ဆိုခဲ့သည်။

ယင်းနေ့စစ်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အောင်ဝင်းဇော် ရောက်လာရခြင်းမှာ အောင်ဝင်းခိုင်က ဖုန်းဆက်ခေါ်ဆို၍ ဖြစ်ကြောင်း၊ ဖုန်းဆက်ခေါ်ရသည့် အကြောင်းရင်းမှာ အောင်ဝင်းဇော်၏သား (အောင်ဝင်းခိုင်နှင့် တူတော်စပ်) ဖြစ်သူက လေဆိပ်တွင် အလုပ်လျှောက်ထားသည့် ကိစ္စနှင့်ပတ်သက်၍ စာရွက်စာတမ်းများ လိုသဖြင့် ဖုန်းဆက်ခေါ်ရခြင်း ဖြစ်သည်ဟု အောင်ဝင်းဇော်ရှေ့နေ၏ မေးမြန်းချက်များအရ သိရကြောင်း ဦးခင်မောင်ဌေးက ဆက်လက်ပြောကြားသည်။

“အဲဒီနေ့က (ဦးကိုနီလုပ်ကြံခံရသည့်နေ့) ကိုအောင်ဝင်းခိုင် လေဆိပ်ကို ရောက်လာတယ်။ သူ့တူကိစ္စနဲ့ လေဆိပ်က လေကြောင်းတပ်ဖွဲ့မှူးကြီးဆီကို အလည်လာတယ်။ သူ့တူဆိုတာက ကိုအောင်ဝင်းဇော်ရဲ့သား ပိုင်းလော့လုပ်ချင်တယ် ဆိုတဲ့ကိစ္စ။ ဒါကို အကူအညီ တောင်းထားတဲ့အခါမှာ စာရွက်စာတမ်း မပြည့်စုံလို့ လေဆိပ်ကိုလာဖို့ ကိုအောင်ဝင်းဇော်က ကိုအောင်ဝင်းခိုင်ကို ဖုန်းဆက်ပြီးခေါ်လို့ ကိုအောင်ဝင်းဇော်က ရောက်လာတယ် ဆိုတဲ့အကြောင်း ကိုအောင်ဝင်းဇော်ရဲ့ရှေ့နေက မေးသွားတယ်။ နောက်တစ်ခုက ကိုဇေယျာဖြိုးဘက်က ရှေ့နေမေးမြန်းချက်အရ ၂၀၁၅ ခုနှစ်ကတည်းက ကိုဇေယျာဖြိုးက စီးပွားရေး လုပ်ငန်းတွေ မကောင်းဘူး။ ကုမ္ပဏီလုပ်ငန်းတွေလည်း သိပ်မလုပ်တော့ဘူး။ နောက်ဆုတ်နေတယ်။ နောက်တစ်ခုက ကိုအောင်ဝင်းဇော်၊ ကိုဇေယျာဖြိုးနဲ့ ကိုအောင်ဝင်းခိုင်တို့က စီးပွားအတူလုပ်တာ မဟုတ်ဘူး။ ဒါကိုဇေယျာဖြိုးဘက်က ငြင်းနေတာ။ သို့သော် ဦးလင်းဇော်ထွန်းထွက်တဲ့ အထဲမှာ ၂၀၁၆ ခုနှစ်မှာ သမီးဖြစ်သူတွေရဲ့ ကိစ္စနဲ့ သူ့သမီးတွေရဲ့ ပညာရေးကိစ္စနဲ့ နိုင်ငံတကာက ဖိတ်လို့ မိဘအုပ်ထိန်းသူ အနေနဲ့ သွားတဲ့အခါမှာ ဟောင်ကောင်လေဆိပ်မှာ ကိုအောင်ဝင်းခိုင်တို့၊ ကိုဇေယျာဖြိုးတို့နဲ့ တွေ့တယ်။ ဒီလူနှစ်ယောက်ဟာ အတူလာပြီးတော့ စီးပွားရေး လာလုပ်ကြတယ်။ ဒါဦးလင်းဇော်ထွန်းရဲ့ ထွက်ချက်အရ ကျွန်တော်တို့က တွေ့နေရတယ်။ လေဆိပ်မှာလည်းသူတို့ ဓာတ်ပုံရိုက်ခဲ့တယ်။ ဒါဦးလင်းဇော်ထွန်းက ပြောပြတာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ငါးဦးကို မြောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုထားသည်။

ထိုသို့ တရားစွဲခံထားရသူ ငါးဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို ရာဇဝတ်အထွေထွေ အမှုအမှတ် ၂၀/၂၀၁၇ တရားခံပြေး အမှုဖြင့် စစ်ဆေးချက်များအရ လတ်တလောတွင် ဖမ်းဆီးရမိနိုင်ခြေ မရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။

Most Read

Most Recent