မြိတ်မြို့တွင် ပါဝါအိတ်ဇော အလုံး ၂၀၀ ကျော်ကို ကြိတ်နင်းဖျက်ဆီး

မြိတ်မြို့တွင် ပါဝါအိတ်ဇော အလုံး ၂၀၀ ကျော်ကို ကြိတ်နင်းဖျက်ဆီး
Published 30 December 2017

မြိတ်မြို့ ကမ်းနားလမ်းတွင်ပြုလုပ်သည့် ဆူညံအိတ်ဇောများ ကြိတ်နင်းဖျက်ဆီးရန် ပြင်ဆင်နေစဉ်

မြိတ်မြို့တွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ပါဝါအိတ်ဇော အလုံး ၂၀၀ ကျော်ကို ကြိတ်နင်းဖျက်ဆီးသည့် အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့ ကမ်းနားလမ်းတွင်ပြုလုပ်သည့် စည်းကမ်းပျက် ဆူညံအိတ်ဇောများ ကြိတ်နင်းဖျက်ဆီးခြင်း အခမ်းအနားကို တိုင်းဒေသကြီးအဆင့် အရာရှိများ တက်ရောက်ခဲ့ပြီး မေ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ဖမ်းဆီးရမိထားသော ဆူညံပါဝါအိတ်ဇောများကို လမ်းကြိတ်ကားဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညဘက် အိပ်မောကျနေတဲ့ ပြည်သူလူထုတွေဟာ ဒီလိုဆူညံတဲ့ အိတ်ဇောအသံတွေကြောင့် လန့်နိုးမှုတွေဖြစ်နေတယ်။ စိတ်သောက ရောက်ကြရတယ်။ ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေက လှည့်ကင်း၊ ပတ်ကင်း တွေနဲ့ လိုက်လံ ဖမ်းဆီးဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှေ့ဆက်လက်ပြီးတော့လည်း မြို့ပေါ်မှာ ဒီလိုဆူညံပြီး မောင်းနှင်နေတဲ့သူတွေကို ဖမ်းဆီးမှာဖြစ်သလို ဆိုင်တွေကိုလည်း ဆက်လက်ရှာဖွေ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (၇၆) မှ မြိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲမှူးကိုကိုက ပြောကြားသည်။

ယခုဖျက်ဆီးသော ပါဝါအိတ်ဇောများမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပါဝါအိတ်ဇော ၂၁၇ လုံး တန်ဖိုး ကျပ်သိန်း ၈၀ ခန့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်ဖျက်ဆီးခြင်းကို ဧပြီလတွင်ပြုလုပ်ခဲ့ပြီး အလုံး ၁၅၀ ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးကိုကိုက ပြောကြားသည်။မြိတ်မြို့တွင် အများပြည်သူသွားလာနေသည့် လမ်းများတွင် ဆိုင်ကယ်ပါဝါအိတ်ဇောများကို ဆူညံစွာတပ်ဆင်ပြီး သွားလာနေသည့်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖမ်းဆီး  အရေးယူရန်ညွန်ကြားခဲ့ပြီး ယခုကဲ့သို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent