လေသာတောင်တန်းတွင် 'တောင်ဇလပ်ကိုကာကွယ်ပါ' ဟု အမည်ပေးထားသောလှုပ်ရှားမှု တီးတိန်လူငယ်များ ပြုလုပ်မည်

လေသာတောင်တန်းတွင် 'တောင်ဇလပ်ကိုကာကွယ်ပါ' ဟု အမည်ပေးထားသောလှုပ်ရှားမှု တီးတိန်လူငယ်များ ပြုလုပ်မည်
Published 30 December 2017

လေသာတောင်တန်းတစ်ဝိုက်တွင် တောင်ဇလပ်ပန်းများ ဖူးပွင့်နေစဉ်

ချင်းပြည်နယ် တီးတိန်မြို့နယ် လေသာတောင်တန်း ထုတ်လိုင်ကျေးရွာသွား လမ်းခွဲတွင် 'တောင်ဇလပ်ကိုကာကွယ်ပါ' ဟု အမည်ပေးထားသော လှုပ်ရှားမှုတစ်ခုကို ဒီဇင်ဘာ ၃၀ ရက်တွင် တီးတိန်မြို့မှ လူငယ်များမှ ဦးဆောင်ပြီး ပြုလုပ်သွားမည်ဟု သိရသည်။

“ကျွန်တော်တို့က လက်ကမ်းစာစောင်လေး လုပ်ထားတယ်။ အဲဒီ လက်ကမ်းစာစောင်မှာ ဒီတောင်ဇလပ်ပန်းဟာ ချင်းပြည်နယ်ရဲ့ ပြည်နယ်ပန်းဖြစ်တဲ့အကြောင်း၊ တောင်ဇလပ်ပင်တစ်ပင်ဟာ စိုက်မယ်ဆိုရင် ရှင်သန်ဖို့ ခက်ခဲတဲ့အကြောင်း ဒါ့ကြောင့် သဘာဝပေါက်နေတဲ့ တောင်ဇလပ်ပင်တွေကို ထိန်းသိမ်းမှာတာဟာ လက်တွေ့ကျတယ်ဆိုတဲ့ အကြောင်း၊ အရင်ကရှိခဲ့ပေမယ့်  အခုဆိုရင် တောင်ဇလပ်အဖြူတွေဟာဆိုရင် ကနေဒီတောင်တန်းမှာ မတွေ့ရတော့ဘူး။ ဒီလိုပဲ တောင်ဇလပ်အနီ တွေလည်း မထိန်းသိမ်းခဲ့ဘူးဆိုရင် နောင်ဆိုရင် တွေ့နိုင်တော့ဖွယ် မရှိတော့မယ့်အကြောင်းတွေ ရေးထားပါတယ်။ နောက်တစ်ခုက စတစ်ကာလေး တစ်ခုလုပ်ထားတယ်။ အဲဒီ စတစ်ကာမှာ တောင်ဇလပ်ကို ကာကွယ်ပါဆိုတာ ရေးထားတယ်။ အဲဒီစတစ်ကာကို ကားတွေ ဆိုင်ကယ်တွေမှာ တပ်ပေးမယ်။ အဓိက,ကတော့ အဲဒီမှာ လမ်းသွားလမ်းလာတွေကို မေးမယ်။ သိုင်းငင်းနဲ့တီးတိန်တို့မှာ မေးမယ်။ တောင်ဇလပ်ပင်ကို ထိန်းသိမ်းမယ်ဆိုရင် ဘယ် လို ထိန်းသိမ်းမယ်ဆိုရင် ရေရှည်မှာ အကျိုး သက်ရောက်မလဲ။ ဘယ်လို ထိန်းသိမ်းမှုလုပ်ရင် အဆင်ပြေမလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရကိုလည်း ဘာတိုက်တွန်းချင်သလဲ ။ ပြည်နယ်အစိုးရကို ဘယ်လိုနည်းစနစ်တွေ ထိန်းသိမ်းပေးစေချင်လဲ။ အကြံပေးချင်သလဲ။ ဆိုတာတွေ မေးမယ်။ အဲ ဒီအကြံပေးချက်တွေကို စိစစ်ပြီးတော့ ပြည်နယ်အစိုးရကို တင်ပြသွားမယ် ။ ကျွန်တော်တို့က လူသွားလူလာများတဲ့ ဒေသအခေါ် လေသာတောင်တန်း ထုတ်လိုင်ကျေးရွာသွားတဲ့ လမ်းခွဲမှာ လုပ်ကြမယ်။ ကျွန်တော်တို့ကတော့ 'တောင်ဇလပ်ကို ကာကွယ်ပါ' လို့ပဲ နာမည်ပေးထားတယ်”  ဟု ချင်းတောင်သဘာဝသယံဇာတ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ကိုထားသွောင်က ပြောကြားသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီ တောင်တန်းအပါအဝင် အဆိုပါတောင်တန်း နှင့် ဆက်သွယ်လျက်ရှိသည့် လေသာတောင်တန်းတစ်ဝိုက် (ကလေး-တီးတိန်-ရိကားလမ်း ဘေး ) တွင် တောင်ဇလပ်တောများရှိပြီး လမ်းသွားလမ်းလာများနှင့် လာရောက် လည်ပတ်သူများမှ တောင်ဇလပ်ပင်များခုတ်ခြင်း၊ တောင်ဇလပ်အပင်ကိုင်းများချိုးခြင်း၊ တောင်ဇလပ်ပန်းများ ခူးယူခြင်းတို့ ပြုလုပ်မှုများပြားခဲ့သည်ဟု သိရှိရသည်။ အဆိုပါ တောင်ဇလပ်ပန်းသည် အပင်ပေါ်တွင် တစ်လနီးပါးခန့် လန်းဆန်းနေသော်လည်း ခူးယူပြီးပါက နာရီပိုင်းအတွင်း ညှိုးခြောက်သွားသော ပန်းဖြစ်သည်ဟု သိရသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်က မွာလ်ပီးရွာသားတွေက တောင်ဇလပ်ကို အပင်လိုက် ခုတ်တဲ့ကိစ္စတွေဖြစ်လာတယ်။ လူမှုကွန်ရက်အပေါ်မှာလည်း တော်တော်ပျံ့နှံ့သွားတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း တောင်ဇလပ်ကို ထိန်းသိမ်းတဲ့ ကိစ္စလုပ်ချင်ပေမယ့် အားထည့်မလုပ်နိုင်ခဲ့ဘူး ။ အခုဆိုရင် လူတိုင်းက တောင်ဇလပ်ကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိတွေ သိလာတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ချင်းပြည်နယ်သစ်တောကို မေးကြည့်တော့ တောင်ဇလပ်ပန်းခူးရုံနဲ့ အရေးယူဖို့အတွက် ဥပဒေမရှိဘူးလို့ပြောတယ်။ တောင်ဇလပ်ပန်းတွေ၊ အပင်တွေကလည်း နှစ်စဉ် ဒီလို ပန်းပွင့်ချိန်ရောက်တိုင်း ခုတ်တယ်။ ချိုးတာတွေ လုပ်တယ်။ ဒီပန်းက ပြည်နယ်ရဲ့ အမှတ်အသားဖြစ်တဲ့အတွက် မထိန်းသိမ်းနိုင်ဘူးဆိုရင် ကြာလာရင် ပျောက်ကွယ်သွားနိုင်တယ်။ အောက်ချင်းငှက်တွေ မတွေ့ရသလို တောင်ဇလပ်တွေလည်း တွေ့နိုင်တော့မယ် မထင်ဘူး။ ချင်းပြည်နယ်နဲ့ သင်္ကေတပန်းဆိုတာ ဘယ်မှာလဲဆိုတာ မေးစရာဖြစ်လာမယ်။ ချင်းပြည်နယ်အမြတ်တနိုးပန်းကို ချစ်မြတ်နိုးလာအောင် လူထုကို အသိပေးဖို့ လိုအပ်တယ်ဆိုတဲ့ Alarn တစ်ခုလုပ်တာပါ။ ဒီပွဲကို တီးတိန်လူငယ် မိတ်သဟာရအသင်း ကနေပြီးတော့ လူငယ်အဖွဲ့အသီးသီးမှ ချိတ်ဆက်လုပ်တာပါ။ အဖွဲ့တွေအနေနဲ့ဦးဆောင်လုပ်တယ်ဆိုပေမယ့် လမ်းသွားလမ်းလာတွေ အပါအဝင် ချင်းပြည်နယ်သားတိုင်း လုပ်ဖို့လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကလေးမြို့ဘက်နဲ့တီးတိန်မြို့အဖွဲ့က အဖွဲ့အစည်းတွေ ဝိုင်းဝန်းပါဝင်နိုင်အောင်ပါ ”  ဟု တီးတိန်မြို့ခံ တစ်ဦးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent