ကချင်ပြည်နယ်အတွင်း နှစ်သစ်ကူးကာလ ပစ်ခတ်မှုများမှာ နှစ်စဉ်ဖြစ်နေကြောင်း ကေအိုင်အေ ပြောကြား

ကချင်ပြည်နယ်အတွင်း နှစ်သစ်ကူးကာလ ပစ်ခတ်မှုများမှာ နှစ်စဉ်ဖြစ်နေကြောင်း ကေအိုင်အေ ပြောကြား
Published 29 December 2017

ကချင်ပြည်နယ်အတွင်း နှစ်သစ်ကူးကာလ ပစ်ခတ်မှုများမှာ နှစ်စဉ်ဖြစ်နေကြောင်း ကေအိုင်အေအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဒီဇင်ဘာ ဒုတိယလဝက်အတွင်း မံဝိန်းကြီး လွယ်ဂျောင်ဘွမ်ဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ လိုက်ဇာဝန်းကျင်တွင် ကြီးမားသော ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဗိုလ်မှူးကြီးနော်ဘူက “ မနေ့ကတော့ တနိုင်းဘက်မှာ ရင်း ၁၄ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ တိုက်ပွဲတွေလည်း ဖြစ်တယ်။ လေကြောင်းလည်း လာတယ်ပြောတယ်။ ဒီနေ့အခြေအနေ သတင်းမတက်သေးဘူး။ နှစ်သစ်ကူးကာလမှာ ကချင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ပြောရမှာပေါ့။ မံဝိန်းကြီးဘက်က လွယ်ဂျောင်ဘွမ်ဘက်၊ တနိုင်းဘက်၊ ဖားကန့်ဘက်တော့ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ နှစ်တိုင်းဒီအချိန်တွေ ဖြစ်နေတာပဲ။ နောက်ပြီး ကေအိုင်အေရဲ့ စီးပွားရေးနယ်မြေတွေကို ပိတ်ဆို့ချင်တာလည်း ပါမယ်။ နယ်မြေစိုးမိုးရေးပေါ့။ အဲဒါတွေကြောင့် ထင်တာပဲ” ဟု ပြောကြားသည်။

လက်ရှိတွင် လူမှုကွန်ရက်များတွင် ပါရှိနေသည့် ကေအိုင်အေက ထိုးစစ်များဆင်မည် ဖြစ်ကြောင်း ကြေညာချက်မှာ မမှန်ကန်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

“ကေအိုင်အေ ထိုးစစ်လုပ်မယ်ဆိုတာ မမှန်ပါဘူး။ ကြေလည်း မကြေညာပါဘူး။ တပ်ရင်း ခံစစ်ကတော့ စစ်ရေးအရ မဖြစ်မနေ လုပ်ရမှာပါ။ လက်ရှိမှာ လိုက်ဇာဝန်းကျင်ကတော့ ၂၄ ရက်ည လက်နက်ကြီး ကျရောက်ပြီးနောက် အားလုံး ငြိမ်သက်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း အခြေအနေက ဘာသတင်းမှ ထုတ်ပြန်တာ မတွေ့ရဘူး” ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က တပ်မတော်နှင့် KIO/KIA အဖွဲ့တို့ တိုက်ခိုက်မှုများမှာ တစ်ဖက် နှင့် တစ်ဖက် ယိုးစွပ်မှုများဖြစ်နေပြီး ကြားဝင် ဖြေရှင်းရန် ခက်ခဲနေကြောင်း ပြောကြားထားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂီဒွန်ကေ အိုင်အေစခန်းဝန်းကျင်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဂီဒွန်စခန်းကို လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် လိုင်ဖောင်စခန်းကို လည်းကောင်း သိမ်းပိုက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇန်ဝါရီလလယ်ပိုင်းအထိ တိုက်ခိုက်မှုများရှိနေကာ နှစ်ဖက်ကျဆုံး များပြားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်များ၊ ကေအိုင်အေဘက်မှ ပြောကြားချက်များအရ သိရသည်။

ဂီဒွန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တိုက်ပွဲများ မရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် တပ်မတော်က ကေအိုင်အေ စိုးမိုးနယ်မြေဖြစ်သည့် တနိုင်းဒေသ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပယင်းမှော်၊ ရွှေမှော်များမှ လုပ်ကိုင်နေသူများ ထွက်ခွာပေးရန် ရဟတ်ယာဉ်ဖြင့် စာဖြန့်ဝေပြီးနောက် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

Most Read

Most Recent