အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ စီမံကိန်း ဒုတိယနှစ်အတွင်း ကျေးရွာပေါင်း ၁၃၀၀ ကျော်မှ အိမ်ခြေ ရှစ်သောင်းကျော် လျှပ်စစ်ရရှိရေး ဆောင်ရွက်မည်

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ စီမံကိန်း ဒုတိယနှစ်အတွင်း ကျေးရွာပေါင်း ၁၃၀၀ ကျော်မှ အိမ်ခြေ ရှစ်သောင်းကျော် လျှပ်စစ်ရရှိရေး ဆောင်ရွက်မည်
Published 29 December 2017

အမျိုးသားလျှပ်စစ်စီမံကိန်း (NEP) ၏ စီမံကိန်း ဒုတိယနှစ်ဖြစ်သည့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ကျေးရွာပေါင်း ၁၃၀၀ ကျော်မှ အိမ်ခြေ ရှစ်သောင်းကျော်ကို လျှပ်စစ်ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခန့်ဇော်က ပြောကြားသည်။

နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရုံးတွင် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အကြောင်း သတင်းမီဒီယာများအား ဖိတ်ခေါ်ရှင်းလင်းသည့် အခမ်းအနားတွင် ပြောကြားသည်။

“၂၀၁၇-၂၀၁၈ ကတော့ တစ်အိမ်သုံး ဆိုလာစနစ်နဲ့ ရွာပေါင်း ၁၃၀၀ မှာလုပ်မယ်။ အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ ၃၄ ရွာမှာ လုပ်မယ်။ ၁၃၀၀ မှာ Lot ၁၂ ခုရှိတာမှာ Lot ခြောက်ခုကတော့ ကုမ္ပဏီတွေ ရွေးပြီးသွားပြီ။ ဘယ်အဆင့် ရောက်နေပြီလဲဆိုတော့ ပစ္စည်းတွေ ပထမအဆင့်စပို့တဲ့ အဆင့်ကိုရောက်နေပြီ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခန့်ဇော်က ပြောကြားသည်။

စီမံကိန်း ပထမနှစ် ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ရွာပေါင်း ၂၇၀၀ ကျော်မှ အိမ်ခြေပေါင်း ၁၅၀၀၀ ခန့်နှင့် အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် ရှေ့ပြေးစီမံကိန်း ရှစ်ခုဖြင့် ကျေးရွာပေါင်း ၁၀ ရွာမှ အိမ်ခြေ ၁၀၈၀ အိမ်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ပထမနှစ် စီမံကိန်း၏ လုပ်ငန်းပြီးစီးမှု ၉၇ ရာခိုင်နှုန်း ရှိနေပြီး ၁၀ မဂ္ဂါဝပ် တပ်ဆင်ပြီးစီးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ကို ကမ္ဘာ့ဘဏ်၏ ချေးငွေအကူအညီဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်း ပထမငါးနှစ်တာ ကာလအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် ဆောင်ရွက်နေသကဲ့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဓာတ်အားလိုင်းပြင်ပ မီးလင်းရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်အားလိုင်းပြင်ပ မီးလင်းရေးစီမံကိန်းသည် မဟာဓာတ်အားလိုင်းမှ ၁၀ မိုင် ကျော်ဝေးကွာပြီး နောင် ၁၀ နှစ်တာ ကာလအတွင်း လျှပ်စစ်မီး မရရှိနိုင်သည့် ဒေသများကို လျှပ်စစ်ရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်ချေးငွေ၊ ကျေးလက်ဦးစီးဌာန နှင့် အများပြည်သူတို့၏ ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းငါးနှစ်တာ ကာလအတွင်း တစ်အိမ်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေး စနစ်ဖြင့် ကျေးရွာပေါင်း ၈၄၀၀ ခန့်မှ အိမ်ခြေပေါင်း ၆၄၀၀၀ ခန့်နှင့် အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် ကျေးရွာ ၃၅၀ ခန့်မှ အိမ်ခြေ ၃၄၀၀၀ ခန့်၊ အများပြည်သူပိုင် အဆောက်အအုံ ၁၆၀၀၀ ခန့်နှင့် လမ်းမီးတိုင်ပေါင်း ၄၀၀၀၀ တို့ကို ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း၊ တစ်အိမ်သုံး ဆိုလာစနစ်တွင် ပြည်သူထည့်ဝင်ငွေ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အချိုးကျပါဝင်မှု၊ အသေးစား လျှပ်စစ်ဓာတ်အားစနစ်အတွက် ကျေးလက်ဦးစီးဌာနမှ ကုန်ကျငွေ၏ ရာခိုင်နှုန်း ၆၀၊ ပြည်သူထည့်ဝင်ငွေ ရာခိုင်နှုန်း ၂၀၊ အကောင်အထည်ဖော်မည့် ပုဂ္ဂလိကကုမ္ပဏီ ရာခိုင်နှုန်း ၂၀ ဖြင့် ထည့်ဝင်ရမည် ဖြစ်ကြောင်း၊ အများပြည်သူ အဆောက်အအုံနှင့် လမ်းမီးတိုင်များကို စီမံကိန်းက ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent