နမ္မတီးမြို့အနီး လီဒိုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွား

နမ္မတီးမြို့အနီး လီဒိုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွား
Published 29 December 2017

နမ္မတီးမြို့အနီး လီဒိုလမ်းမပေါ်တွင်  တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရရှိသူ နှစ်ဦးကို သွားရောက်ကယ်ဆယ်စဉ် ယင်းနှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း နမ္မတီးမြို့ ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းမှ ဦးဝင်းဗိုလ်က ဆိုသည်။

“တိုက်ပွဲက နမ္မတီးနှင့် ဒွန်ဘုံးကြားပေါ့။ ဒွန်ဘုံးနဲ့ နီးတယ်။ မိုင်တိုင်၂၁ မိုင်မှာပေါ့။တိုက်ပွဲက  ၆ နာရီ ၂၈ မိနစ်ကနေ စပစ်တယ်။ ၇ နာရီ ၁၀ မိနစ်အထိ ပစ်တယ်။ နာရီဝက် ကျော်ကျော်နားတယ်။ နောက်ထပ်ပစ်တယ်။ ၁၂ နာရီကျော်မှာ ရပ်သွားတယ်။ ၁၂ နာရီ ကျော်မှ ကျွန်တော်တို့က သတင်းရတာ။ ဆိုင်ကယ်နှင့် လူနှစ်ယောက် တိုက်ပွဲကြားမှာ ဒဏ်ရာရထားတယ်။ ကျွန်တော်တို့ သွားကယ်တော့ ဆိုင်ကယ်တွေ့တယ်။ သွေးကွက်တွေ တွေ့တယ်။ ကျည်ဆန်တွေတွေ့တယ်။ ဘယ်လိုဒဏ်ရာရတယ်မသိဘူး။ ကိုက်တစ်ရာလောက်မှာ လက်နက်ကြီးကျထားတာတွေ့တယ်။ ဘယ်ကလဲဆိုတာကို စုံစမ်းတုန်း။ ဘယ်အဖွဲ့က ခေါ်သွားမှန်းလည်းမသိဘူး။ ဆိုင်ကယ်ကို နာရေးကူညီမှုအသင်းကားနဲ့ တင်လာတယ်။ လမ်းမှာကျတော့ ကျွန်တော့်တူလေးက ထော်လာဂျီမှောက်ပြီး လမ်းမကြီး ထီးထီးကြီးမှာ သေနေတယ်။ အကြောက်လွန်ပြီး မောင်းပြေးတာလား၊ မတော်တဆဖြစ်တာလား မသဲကွဲဘူး။ ကျွန်တော့်အစ်မသားပဲ” ဟု ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်းမှ ဦးဝင်းဗိုလ်က ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်ကဖြစ်ပွားသော ပစ်ခတ်မှုများကြောင့် တနိုင်းနှင့် ဖားကန့်ဘက်မှ အဆင်းကားများ လဝါးဂိတ်တွင် ပိတ်မိနေခဲ့ကြောင်း၊ တနိုင်းလမ်းကြောင်းမှာ ရက်ပိုင်းအတွင်း လီဒိုလမ်းမပေါ်တွင် ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ယာဉ်သွားယာဉ်လာနည်းပါးနေပြီး ခရီးသည်မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent