ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ မိသားစုဝင်များ သတင်းစာရှင်းလင်း

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ မိသားစုဝင်များ သတင်းစာရှင်းလင်း
Published 29 December 2017

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပုံနှင့်ပတ်သက်ပြီး ၎င်းတို့၏မိသားစုဝင်များ သတင်းစာရှင်းလင်းစဉ်

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရပုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ မိသားစုဝင်များက ဒီဇင်ဘာ ၂၈ ရက် တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးဖြစ်သော ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့မှာ ၎င်းတို့နှစ်ဦး ဖမ်းဆီးခံရသည့် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရဲနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် အဆိုပါရဲနှစ်ဦးမှ  ပိတ်ထားသည့် စာလိပ်နှစ်လိပ်အား ကိုသက် ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အား တစ်ယောက်လျှင် တစ်လိပ်စီပေးခဲ့ကြောင်း ဖမ်းဆီးခံကိုဝလုံး၏ ဇနီးဖြစ်သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်မ မနေ့က ရုံးထုတ်တော့ အမျိုးသားဖြစ်သူ ကိုဝလုံးနဲ့ စကားပြောခွင့်ရပါတယ်။ သူပြောတာက သူအရင်က အင်တာဗျူးလုပ်မယ်လို့ ကြိုချိတ်ထားတဲ့ရဲကသူ့ကို  အဲဒီနေ့ညမှာတွေ့မယ် လာခဲ့လို့ပြောတယ်။ ပြီးတော့ စားသောက်ဆိုင်လည်းရောက်ရော ရဲကပိတ်ထားတဲ့စာအိတ်ကို ကိုဝလုံးကို တစ်လိပ်၊ ကိုမိုးအောင်ကို တစ်လိပ်ပေးတယ်။ အဲဒီလိုပေးတဲ့အချိန်မှာ သူတို့နှစ်ယောက်က  ဖတ်ကြည့်မယ်ပြောတော့ ရဲက ဓာတ်ပုံရိုက်ချင်ရိုက်လို့ ပြန်ပြောတယ်။ အဲဒီအချိန်ကို ဝလုံးက မှောင်နေတော့ ဓာတ်ပုံရိုက်ဖို့ အဆင်မပြေဘူးပြောပြီး ဖွင့်ကြည့်မယ်လုပ်တော့ ရဲက ဖွင့်တော့မကြည့်ပါနဲ့၊ အိမ်ကို ယူသွားလိုက်လို့ပြောတယ်။ ကိုဝလုံးတို့က အဲဒီစာက ဘာမှန်းမသိဘူး။ ရဲနှစ်ယောက်က သူတို့ကို စာလိပ်ပေးပြီး ထွက်သွားတယ်။ အဲဒါနဲ့ ကိုဝလုံးနဲ့ ကိုမိုးအောင်တို့က ဆိုင်မှာပိုက်ဆံရှင်းပြီး စာလိပ်တစ်ယောက်တစ်လိပ်ကိုင်ပြီး ဆိုင်ပြင်ကိုထွက်တဲ့အချိန်မှာပဲ ရဲရှစ်ယောက်လောက်ရှိမယ်၊ သူတို့ကိုချုပ်နှောင်ပြီး လက်ထိပ်ခတ်ဖမ်းဆီးသွားတယ်လို့ ကိုဝလုံးက ကျွန်မကို မြို့နယ်တရားရုံးမှာ ပြောပြပါတယ်” ဟု ဖမ်းဆီးခံရသည့် ကိုသက်ဦးမောင် (ခ) ဝလုံး၏ ဇနီးဖြစ်သူက ပြောကြားသည်။

စတင်ဖမ်းဆီးခံရသည့်နေ့တွင် ကိုသက်ဦးမောင် (ခ) ဝလုံး၏ ဖခင်ဖြစ်သူနေအိမ်သို့ သက်ဆိုင်ရာတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာ ဖွေမှုများပြုလုပ်ခဲ့ပြီး Laptop တစ်လုံး၊ Hardisk တစ်ခုနှင့် Notebook တစ်လုံးတို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အား ဖမ်းဆီးပြီး စစ်ဆေးချိန်၌ တစ်ယောက်စီခွဲကာ စစ်ဆေးခဲ့ကြောင်း ကိုကျော်စိုးဦး (ခ) မိုးအောင်၏ ညီမဖြစ်သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ ဒီဇင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခံသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေက ထောက်ကြန့်ရဲစခန်းကိုသွားတော့ စခန်းက တိတိကျကျသိချင်ရင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းနဲ့ ပြန်ကြားရေးဌာနကို သွားပါပြောတယ်။ စခန်းမှူးနဲ့တွေ့တော့ အဝတ်အစားတွေပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်ကျတော့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို သွားတယ်။ သွားတော့ ဂိတ်ပေါက်မှာ အပေါက်ကရဲက အထဲကို ဖုန်းဆက်မေးတယ်။ ပြီးတော့ သူတို့က အထဲမှာ ချုပ်ထားတာ မရှိဘူးလို့ပြောတယ်။ မင်္ဂလာဒုံတရားရုံးမှာ ဒုတိယရမန်ထုတ်တဲ့ချိန်မှာ ကျွန်တော်နဲ့ ဦးခင်မောင်ဇော်တို့ ကိုယ်စားလှယ်လွှဲစာတရားရုံးကို တင်ခဲ့တယ်။ အမှုတွဲတောင် ကြည့်ခွင့်မရပါဘူး။ အဲဒီတော့ ကျွန်တော်က ဒီဇင်ဘာ ၂၈ ရက်မှာ အင်းစိန်ကိုသွားတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးနဲ့ တွေ့ခဲ့ပါတယ်” ဟု ဖမ်းဆီးခံ သတင်းထောက်များဘက်မှ ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးသည့် ဦးသန်းဇော်အောင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးအား စစ်ဆေးရာတွင် ရိုက်နှက်စစ်ဆေး ခံရမှုမရှိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာလည်း စာလိပ်ထဲတွင်ပါသည့် အကြောင်းအရာများအား မသိရှိဘဲ ဖမ်းခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံသတင်းထောက်နှစ်ဦး၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ ဒီဇင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၁၃ ရက်တွင် မိသားစုဝင်များနှင့် မီဒီယာများ မသိရှိဘဲ ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ထောက်ကြန့်နယ်မြေရဲ စခန်းတွင် (ပ) ၁၂၉၈/ ၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ အရလည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

အဆိုပါ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုမှာ ထောင်ဖမ်းခံရခြင်းဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ လက်ရှိတွင် ဖမ်းဆီးခံသတင်းထောက် နှစ်ဦးနှင့်ပတ်သက်ပြီး အမည်းရောင်လှုပ်ရှားမှုကို သတင်းမီဒီယာသမားများက လုပ်ဆောင်လျက်ရှိသည်။

Most Read

Most Recent