ယာဉ်တိမ်းမှောက်မှုတွင် ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုသူ ရဲအုပ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် အမိန့်ချ

ယာဉ်တိမ်းမှောက်မှုတွင် ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုသူ ရဲအုပ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် အမိန့်ချ
Published 29 December 2017

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကန်တာ ယာဉ်တိမ်းမှောက်မှုနှင့်စပ်လျဉ်း၍ အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင်က ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုခြင်းအား အရေးယူပေးပါရန် နစ်နာသူမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့မှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် ယခုနှစ် ဇန်နဝါရီ ၃၀ ရက်က မွန်ပြည်နယ် တရားလွှတ်တော်၌ တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ် ရေးမြို့၊ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ် ကျော်သက်ခိုင်သည် အမှုစစ်ရဲအရာရှိ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုလျက် လာဘ်ငွေများ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြေကွက်ခွဲဝေရောင်းချငွေမှ လာဘ်ငွေရယူခဲ့သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ရေးမြို့နယ် ခေါစာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညဲရွာနေ နစ်နာသူတို့က ကျုံညဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်နှင့် ခေါဇာမြို့အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းတို့သည် ကျုံညဲကျေးရွာနေ ဦးစိုးအောင်နှင့် ဒေါ်ဝင်းအေးတို့ ပိုင်ဆိုင်သည့် ခြံမြေကွက်ပေါ်တွင် ပေ ၆၀ ပေ၄၀ ခြံကွက် (၁၅)ကွက် ဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးရာတွင် ငွေကြေးတောင်းခံ၍ ပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်း စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းသည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိရေးခွင့်ပြု ဆောင်ရွက်ပေးခွင့်မရှိဘဲ ခေါဇာမြို့၊ ကျုံညဲကျေးရွာတွင် ပေ ၆၀ ပေ ၄၀ မြေကွက် (၁၅) ကွက် ဖော်ထုတ်ရရှိရေး ဆောင်ရွက်ပြီး၊ မြေကွက်ရောင်းရ ငွေကျပ်သိန်း ၂၀ အနက်မှ ငွေကျပ် ၁၁ သိန်းကို လက်ခံရယူကာ ခွဲဝေပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနောင်နောင်လင်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း၊ ဦးထွန်းကြည်(ယခင် ကျုံညဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး) အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇/ ၆၃ အရလည်းကောင်း ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်းတွင် ဒီဇင်ဘာ ၂၆  ရက်တွင် အမှုဖွင့်လှစ်လျက် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent