ပုဇွန်တောင် ၅၂ လမ်း နေ့ညဈေးတွင် ဈေးရောင်းချရန် ဈေးသူဈေးသား ၂၀၀ ကျော်အတွက် ဈေးရောင်းချခွင့် Smart Card များ ထုတ်ပေး

ပုဇွန်တောင် ၅၂ လမ်း နေ့ညဈေးတွင် ဈေးရောင်းချရန် ဈေးသူဈေးသား ၂၀၀ ကျော်အတွက် ဈေးရောင်းချခွင့် Smart Card များ ထုတ်ပေး
Published 29 December 2017

ဈေးသည်များအား ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် Smart Card များ ထုတ်ပေးနေစဉ်

ပုဇွန်တောင် ၅၂ လမ်း နေ့ညဈေးအတွက် ဈေးရောင်းချနိုင်ရန် ဈေးသူဈေးသား ၂၀၀ ကျော်အတွက် ဈေးရောင်းချခွင့် Smart Card များအား ဒီဇင်ဘာ ၂၈ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

“ဒီဈေးက ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ လမ်းမကြီးမှာ ရောင်းတဲ့ လမ်းဘေးဈေးသည်တွေ ဖြစ်တယ်။ အဲဒီလမ်းဘေးဈေးသည်တွေကို စနစ်တကျ ဈေးရောင်းလို့ရအောင် ပုဇွန်တောင် လွှတ်တော်ကိုယ်စားလှယ်တွေ စီစဉ်တာဖြစ်တယ်။ သက်ဆိုင်ရာမြို့တော် စည်ပင်သာယာက တာဝန်ရှိသူတွေကလည်း ဝိုင်းကူကြပါတယ်။ ၅၁ လမ်းနဲ့ ၅၂ လမ်းက ဈေးသူ ဈေးသားနဲ့ လမ်းသူလမ်းသားတွေ ပြဿနာ မတက်အောင် သံဆူးကြိုးတွေ ကာထားပါတယ်။ ဈေးတဲတွေအတွက် အလှူရှင်ရှာလိုက်တာ Samparoo ကုမ္ပဏီက လှူတယ်။ အဲဒီတဲတွေကို အသေဆောက်ထားတယ်။ မနက်သမားက ပစ္စည်းကိုယူလာမယ်၊ မနက်ရောင်းမယ်။ ၁၂ နာရီကျရင် သူကသူ့ပစ္စည်းနဲ့ သူ့အမှိုက်ကို သိမ်းရမယ်။ အမှိုက်ထားမယ့် နေရာလည်း ထားထားတယ်။ အမှိုက်အိတ်တွေလည်း ထားထားတယ်။  မီးကိုလည်း မြို့နယ်မန်နေဂျာနဲ့ ညှိနှိုင်းပြီး ရွှေသံလွင်ကုမ္ပဏီက လှူတယ်။ တစ်ဆိုင်ကို မီးတစ်လုံးထွန်းထားတယ်။ ညဘက်ပိုင်းကိုတော့ လုံခြုံရေးထားတယ်။ ဝန်ထမ်းနှစ်ယောက် ထားတယ်။ Smart Card ရပြီးတဲ့သူတွေက ရပြီးပြီးချင်း ဈေးရောင်းချလို့ ရပါပြီ။ ဈေးဖွင့်ပွဲကိုတော့ ၂၀၁၈ ဇန်နဝါရီ ဒုတိယပတ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဈေးသူဈေးသားများအတွက် ထုတ်ပေးသည့် Smart Card တစ်ခုသည် ကျပ် ၅၀၀ ခန့်သာ ကျသင့်သော်လည်း အထွေထွေကုန်ကျစရိတ်များအတွက် တစ်ဦးလျှင် ကျပ် ၁၅၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း၊ နံနက်ပိုင်းရောင်းချမည့် ဈေးသည် ၉၅ ဦးနှင့် ညနေ ပိုင်းရောင်းချမည့် ဈေးသည် ၁၂၅ ဦးခန့်ရှိကြောင်း ဈေးဆိုင်တဲများအတွက်လည်း တစ်ဦးလျှင်  ၁၅၀၀၀ ခန့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“၅၂ လမ်း နေ့ ညဈေးကို ရွှေ့ရတဲ့အတွက် သိပ်ပြီးအဆင်ပြေမလားဆိုတော့ ထင်လည်းထင်တယ်။ မထင်လည်း မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းတာလုပ်ပေးတဲ့အတွက် ပြောင်းတာက ပြောင်းရမှာပဲ၊ အဆင်မပြေလည်း ပြောင်းရမှာပဲ။ ကိုယ်တစ်ဦး တစ်ယောက်တည်း ဆန္ဒမဖြစ်ဘူးလေ၊ ခက်ခဲနေတာက ဘာလဲဆိုတော့ အသုပ်ရောင်းတယ်ဆိုတော့ ဆိုင်ခုံရှိရမယ်။ လက်ရှိရောင်းတာက လမ်းဘေးမှာ ရောင်းနေတာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ခုံအစုတ်နဲ့ ရောင်းလည်း အဆင်ပြေတယ်။ အခုပြောင်းရမယ်ဆိုတော့ အကုန်လုံးကို အသစ်တွေဝယ်ရမယ်။ နေတာက ဒေါပုံမှာဆိုတော့ ပစ္စည်းတွေကို ဒေါပုံကိုပြန်သယ်ဖို့ ကားခက အသွားအပြန် ၄၀၀၀ လောက်ရှိတယ်။ အမြတ်ကလည်း အဲဒီလောက်မရှိတော့ အဆင်မပြေနိုင်ဘူး။ ကျွန်မရောင်းတဲ့ပစ္စည်းတွေက လမ်းသွားလမ်းလာတွေက အလွယ်တကူဝယ်စားတဲ့ဟာ။ အခုလိုပြောင်းလိုက်တဲ့နေရာကို တကူးတက လာမဝယ်စားလောက်ဘူး” ဟု အသုပ်၊ ကောက်ညှင်းပေါင်း၊ ပဲပြုတ် ရောင်းချသည့် မခိုင်က ပြောကြားသည်။

အဆိုပါ ၅၂ လမ်း နေ့ညဈေးတွင် ဈေးခန်းပေါင်း ၁၃၀ ခန့်ရှိကြောင်း၊ ဈေးတဲများသည် ရှစ်ပေကျော်ခန့်ရှိကြောင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ကုန်သည်လမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ အောက်ပုဇွန်တောင်နှင့် အထက်ပုဇွန်တောင်လမ်းရှိ ဈေးသည်များကို စာရင်းကောက်ယူခဲ့ကြောင်း၊ ဈေးသည်များကို ဈေးနေရာအတွက် မဲနှိုက်ရွေးချယ်မှုများပြုလုပ်ခဲ့ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ယင်းပုဇွန်တောင် နေ့ညဈေးတန်း ဈေးရောင်းချခွင့်ရရှိသူများအနေဖြင့် မူလရောင်းချခဲ့သည့်နေရာတွင် ခြောက်ရက်ခန့်အထိ ရောင်းချနိုင်သေးကြောင်း၊ ၂၀၁၈ ဇန်နဝါရီ ၃ ရက်တွင် နေ့ညဈေးတန်းသို့ လာရောက်ရောင်းချခြင်းမပြုပါက ရရှိထားသည့် ဆိုင်ခန်းနေရာကို ပြန်လည်သိမ်းယူခံရမည်ဖြစ်ပြီး ယခင်ရောင်းချသည့် နေရာအတိုင်း ဈေး ရောင်းချခြင်းများပြုလုပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းနေရာရရှိသူများအနေဖြင့် တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ခွင့်မရှိကြောင်း၊ ရေဖိုး၊ အမှိုက်၊ လုံခြုံရေးနှင့် မီတာခများအတွက် လစဉ်ကြေးပေးသွင်းရမည်ဖြစ်ပြီး အဆိုပါအဖိုးအခများအတွက် မြို့တော်စည်ပင်နှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

Most Read

Most Recent