ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၃ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ ဓာတ်အားထုတ်လုပ်ရောင်းချခြင်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Min Khit Thit Mining ကုမ္ပဏီက လုပ်ကိုင်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၃ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ ဓာတ်အားထုတ်လုပ်ရောင်းချခြင်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Min Khit Thit Mining ကုမ္ပဏီက လုပ်ကိုင်မည်
Published 29 December 2017

ကရင်ပြည်နယ် ဘားအံမြို့နယ် သုံးအိမ်ကျေးရွာအနီး ဘောလုံးကွင်းအတွင်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည်ဆို၍ ဒေသခံများ ကန့်ကွက်သည့်ဆိုင်းဘုတ်များ ထောင်ထားသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-နေမျိုးဝင်း)

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၃ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ ဓာတ်အားထုတ်လုပ်ရောင်းချခြင်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Min Khit Thit Mining ကုမ္ပဏီက လုပ်ကိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ၂၇ ရက်က  ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကျောက်မီးသွေးကို  MIC က ခွင့်ပြုတယ်ဆိုတာက သက်ဆိုင်ရာဝန်ကြီးဌာနက သဘောထားမှတ်ချက်တွေအရ ခွင့်ပြုတာ။ MIC အနေနဲ့ စီမံကိန်းတွေခွင့်ပြုမယ်ဆိုရင် ဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေပါမှသာ ခွင့်ပြုတာဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

အဆိုပါစက်ရုံကို တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကွင်းအမှတ် -ကွင်းပြင် (ကျောက်လှိုင်ဂူ)ရှိ မြေဧက ၄၀ တွင် တည်ဆောက်မည်ဖြစ်ပြီး ဒေါ်လာ ၄၈ ဒသမ ၆၉၈ သန်းအပါအဝင် ကျပ် ၉၁၉၃၁ ဒသမ ၃၅၀ သန်းဖြင့် ရင်းနှီးလုပ်ကိုင်မည် ဖြစ်သည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှု နည်းစေရန် သန့်စင်သော ကျောက်မီးသွေးနည်းပညာကို တိုးတက်သော နိုင်ငံများတွင် အသုံးပြုကြသော်လည်း စရိတ်ကြီးမြင့်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါ နည်းပညာကို သုံးစွဲရန် အခက်အခဲရှိကြောင်း သိရသည်။

“သန့်စင်တဲ့ ကျောက်မီးသွေးဆိုတာ ဂျပန်မှာလည်း သုံးနေတယ်။ နိုင်ငံတကာမှာလည်း သုံးနေတယ်။ မြန်မာပြည်မှာသုံးတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာမှာသုံးတဲ့ ရည်ရွယ်ချက်တော့ မတူဘူး။ နိုင်ငံခြားက ပြန်ပြည့်မြဲ စွမ်းအင်နဲ့သုံးတဲ့ ပစ္စည်းတွေရော စွမ်းအင်အသစ်တွေနဲ့ရော ကမ္ဘာကို ဖြန့်ဖို့ရောင်းဖို့ တစ်ဖက်မှာ ကြိုးစားနေတဲ့အချိန်မှာ တစ်ဖက်က သူတို့ရဲ့ စီးပွားရေးတွေရော အလုပ်သမားရော သူတို့ရဲ့လုပ်ငန်းကြီးတွေက အရမ်းကြီးတယ်။ ထိန်းရင်းနဲ့ သူတို့က နောက်ဆုတ်လာတယ်။ ဗြုန်းဆို ရပ်လို့မရဘူး၊ သူတို့ရဲ့ စီးပွားရေးရှိသေးတယ်။ ပြဿနာတွေအများကြီး။ သူတို့က တစ်ချိန်ကျရင် ပါရီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေဖြစ်တဲ့အတွက် သူတို့ကျောက်မီးသွေး အသုံးပြုမှုကို ဆုတ်လာတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်မှာက တိုင်းပြည်တိုးတက်ဖို့အတွက် ကျောက်မီးသွေးကို အသုံးပြုမယ်ဆိုတော့ ရည်ရွယ်ချက်ချင်းမတူတော့ စိုးရိမ်တယ်” ဟု ဒီဇင်ဘာ ၁၄ ရက်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ကျောက်မီးသွေးစွမ်းအင်၊ ပြန်ပြည့်မြဲစွမ်းအင်တို့နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် မြန်မာ့အစိမ်းရောင်ကွန်ရက်မှ တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိနေသည်။

Most Read

Most Recent