ပဋိပက္ခဖြစ်စဉ်တွင် အသတ်ခံရသော KNPP ရဲဘော်သုံးဦးနှင့် ရွာသားတစ်ဦး၏ မိသားစုဝင်များအား ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ဆုံ

ပဋိပက္ခဖြစ်စဉ်တွင် အသတ်ခံရသော KNPP ရဲဘော်သုံးဦးနှင့် ရွာသားတစ်ဦး၏ မိသားစုဝင်များအား ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ဆုံ
Published 28 December 2017

ဝန်ကြီးချုပ်က မိသားစုတစ်စုအတွက် ကျပ်ငါးသိန်း ထောက်ပံ့စဉ် (ဓာတ်ပုံ-ဆရာချစ်)

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် တပ်မတော်နှင့် ပဋိပက္ခဖြစ်စဉ် အသတ်ခံရသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲဘော်သုံးဦးနှင့် ရွာသားတစ်ဦးတို့၏ မိသားစုဝင်များအား ဒီဇင်ဘာ ၂၇ ရက်က ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း KNPP ၏ ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်ထံမှ သိရသည်။

“ကျွန်တော်ပဲခေါ်သွားပေးတာ။ နှစ်ဦးရဲ့ မိသားစုဝင်တွေပဲ ခေါ်သွားနိုင်တယ်။ ကျန်တဲ့နှစ်ဦး မိသားစုတွေကဝေးလို့ သူတို့ကိုယ်စား အစိုးရကပေးတာ သွားပေးပေးမှာပါ” ဟု ခူးညေးရယ်က ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က မိသားစုတစ်စုအတွက် ကျပ်ငါးသိန်းထောက်ပံ့ခဲ့ပြီး ကျန်ရစ်သူမိသားစု၏ မိသားစုအခြေအနေ၊ အခက်အခဲများအား မေးမြန်းခြင်း၊ အစိုးရအနေဖြင့် ပြည်နယ်တွင် မိဘနေရာတွင်ရှိနေသဖြင့် ပြည်နယ်သူ ပြည်နယ်သားများအား ကျောသားရင်သား ခွဲခြားမှုမရှိကြောင်း၊ ကျန်ရစ်ခဲ့သော သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး အခက်အခဲများရှိပါက ယခုလိုက်ပါလာသော လွှတ်တော်ကိုယ်စားလှယ်များထံမှဖြစ်စေ၊ မိမိထံဖြစ်စေ အချိန်မရွေး အကူအညီတောင်းခံနိုင်ပါကြောင်း အားပေးစကား ပြောကြားခဲ့သည်ဟုလည်း သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဖြစ်စဉ်အခြေအနေမှန် ပေါ်ပေါက်စေရေးအတွက် ပြည်နယ်အစိုးရက တင်ပြဆောင်ရွက်ထားပြီး ပြည်ထောင်စုက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘော တူညီချက်ကို ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ၂၀၁၂ ခုနှစ် မတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် KNPP နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ခုနစ်ချက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ရရှိခဲ့သည်။

Most Read

Most Recent