ရခိုင်မျိုးချစ်ပါတီ၏ ပါတီပူးပေါင်းရန် ကမ်းလှမ်းမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဇန်နဝါရီတွင် အကြောင်းပြန်မည်

ရခိုင်မျိုးချစ်ပါတီ၏ ပါတီပူးပေါင်းရန် ကမ်းလှမ်းမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဇန်နဝါရီတွင် အကြောင်းပြန်မည်
Published 28 December 2017

ရခိုင်မျိုးချစ်ပါတီ (APP) ၏ ပါတီပူး ပေါင်းရန် ကမ်းလှမ်းမှုအား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီက ဇန်နဝါရီတွင် အကြောင်းပြန်မည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။

ဦးမျိုးကျော်က “ကျွန်တော်တို့က အခု ရခိုင်ပြည်နယ်ထဲမှာပဲ ပါတီရုံးဖွင့်ပွဲတွေနဲ့ နည်းနည်းအလုပ်များနေသေးတယ်ပေ့ါနော်။ နောက်တစ်ခါ ပါတီခေါင်းဆောင် အကုန်လုံးလည်း အဲဒီမှာ မြို့နယ်အသီးသီးကို ကျွန်တော်တို့က ရုံးဖွင့်ပွဲတွေနဲ့ အလုပ်များတယ်။ မကြာခင် ရှေ့ဇန်နဝါရီလထဲမှာ ကျွန်တော်တို့ အဲဒီကိစ္စကို အကြောင်းပြန်ပေးပါ့မယ်” ဟု ပြောကြားသည်။

ရခိုင်မျိုးချစ်ပါတီသည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ပါတီပူးပေါင်းရန် ကမ်းလှမ်းကြောင်း ဒီဇင်ဘာ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။

ရခိုင်မျိုးချစ်ပါတီသည် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ပထမပတ်ကကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်သုံးခု ချမှတ်ခဲ့ရာ (က) ရည်ရွယ်ချက်တူ၊  မူဝါဒတူသည့် ရခိုင်တိုင်းရင်းသားပါတီများနှင့် မဟာမိတ်အဖြစ်သော်လည်းကောင်း၊ တစ်ပါတီ အဖြစ်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည် (ခ) ရည်ရွယ်ချက်တူ၊ မူဝါဒတူသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်နှင့် (ဂ) ရခိုင်ပြည်သူလူထု၏ အကျိုးစီးပွားကို ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟူ၍ ဖြစ်သည်။

ယင်းပါတီနှစ်ပါတီ မပူးပေါင်းမီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် ရခိုင်သဟာယအသင်း (ရန်ကုန်) ၏ ကမကထ ပြုလုပ်မှုဖြင့် ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပူးပေါင်းသွားကြရန် ၂၀၁၃ ခုနှစ် မေ ၁၆ ရက်တွင် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

သို့ဖြစ်ရာ ပါတီနှစ်ပါတီသည် ရခိုင်အမျိုးသားပါတီအဖြစ် ဆက်လက်လှုပ်ရှားခဲ့ကြသော်လည်း နှစ်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်တို့မှာ မတူညီကြသည့်အတွက် ပါတီအတွင်းတွင် အုပ်စုနှစ်ခုအဖြစ် ဆက်လက်ရှိနေခဲ့ကြကာ ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၃၉ ဦးတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ခုနစ်ဦးသာ ပါဝင်ခဲ့သဖြင့် ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာစေခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း ကထုတ်ပြန်ခဲ့သော ရခိုင်အမျိုးသားပါတီ၏ သဘောထား ကြေညာချက်နှစ်စောင်သည် ပါတီ၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခြင်း၊ ရခိုင်ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းအပြင် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲစေခြင်းတို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင်ခြောက်ဦးက အဆိုပါကြေညာချက်တို့အား လက်မခံနိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သဖြင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင်ခြောက်ဦးအား ရခိုင်အမျိုးသားပါတီက ထုတ်ပယ်ခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ရပ်များကြောင့် ရခိုင်အမျိုးသားပါတီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့၏ ပူးပေါင်းဆောင်ရွက်မှုများမှာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၈ ရက်မှစ၍ တရားဝင်ရပ်စဲပြီးဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သြဂုတ် ၂၃ ရက်က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent