ငွေကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေဟုဆိုကာ NCA ရေးထိုးထားသည့် RCSS/ SSA အဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံရ

ငွေကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေဟုဆိုကာ NCA ရေးထိုးထားသည့် RCSS/ SSA အဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံရ
Published 28 December 2017

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တွင် ငွေကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေဟုဆိုကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) အဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံရထားကြောင်း သတင်းရရှိသည်။

RCSS/ SSA အဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးထားမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ညောင်ကားယား ကျေးရွာအနီး RCSS/ SSA (SSA- ရွက်ဆစ်ဟု မူရင်းတွင်ဖော်ပြ) အဖွဲ့က ရပ်စောက်-နောင်ချိုသွားကားလမ်းပေါ်၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ တရားမဝင်သစ်လုပ်ငန်း ဆောင်ရွက်နေသူများနှင့် ကျေးရွာများထံမှ ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တပ်မတော်က နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ဒီဇင်ဘာ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် ကျောက်ဂူကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာနေရာ၌ RCSS/ SSA အဖွဲ့မှ (SSA-ရွက်ဆစ်ဟု မူရင်းတွင်ဖော်ပြ) ချင်းပအောင်ဦးစီးအဖွဲ့ဝင် ခြောက်ဦးအား ပစ္စတိုတစ်လက်၊ Type-5 6-1 သေနတ်နှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ၇ ဒသမ ၆၂ ကျည်အတောင့် ၁၀၀၊ SSA Army အမှတ်တံဆိပ်ပါ ယူနီဖောင်းနှင့် အခြားဆက်စပ်ပစ္စည်းများ၊ RCSS အမှတ်တံဆိပ်ပါ ဆက်ကြေးကောက်ခံသည့် ငွေလက်ငင်းဖြတ်ပိုင်း စာအုပ်နှစ်အုပ်၊ Laptop ကွန်ပျူတာနှစ်လုံး၊ ကင်မရာတစ်လုံး၊ မှတ်ပုံတင်နှင့် ကျောင်းသားကတ်များ၊ လက်ကိုင်ဖုန်းလေးလုံး၊ ငွေစက္ကူရောရာ ကျပ်သိန်း ၁၆၀ ကျော်၊ ငွေရေတွက်စက်တစ်လုံး၊ ငွေစု စာအုပ်နှစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ရပ်စောက်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်ခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ဖမ်းတယ်ဆိုတာဟုတ်တယ်။ သူတို့ မနက် ၃ နာရီသွားပြီးတော့ ဖမ်းတယ်လို့ပြောတယ်။ ဒီဆက်ကြေးကောက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နေထားတဲ့နေရာကို သူကလာတယ်လေနော်” ဟု RCSS/ SSA အဖွဲ့ တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

ထိုကဲ့သို့ RCSS/ SSA အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းသည် လတ်တလောတွင် ရှမ်းပြည်နယ်၌ဖြစ်ပွားခဲ့သည့် RCSS/ SSA က ဦးဆောင်ကျင်းပခွင့်ရှိသော ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများအား ရှမ်းပြည်နယ်အတွင်း RCSS/ SSA အပါအဝင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့သည့်အပေါ် တပ်မတော်ဘက်က မကျေမလည်ဖြစ်ခဲ့ခြင်းသည်လည်း တစ်နည်းတစ်ဖုံ သက်ဆိုင်နိုင်ကြောင်း ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

“အဲဒါနဲ့လည်း တိုက်ရိုက်မဟုတ်ပေမဲ့လည်း တစ်နည်းတစ်ဖုံတော့ သက်ဆိုင်လိမ့်မယ်လို့ထင်တယ်။ အမှန်ဆိုရင် တပ်ဖွဲ့ဝင်တွေ ဖမ်းတယ်တို့ဘာတို့ဆိုတာက အခုက NCA လမ်းကြောင်းအတိုင်း သွားနေတယ်ပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းပြီးတော့ ဖြေရှင်းကြရမှာပေါ့။ ဒါမျိုး တရားဥပဒေနဲ့သွားတယ်ဆိုတာတော့ အမှန်က မဟုတ်သေးဘူးပေါ့နော်” ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် RCSS/ SSA တို့အကြား ဖြစ်ပွားနေသည့် အခြေအနေတင်းမာမှုများအား UPDJC ၊ JMC ကဲ့သို့ သက်ဆိုင်ရာ ဆွေးနွေးဖြေရှင်းနိုင်သည့် နေရာများတွင် အမြန်ဆုံးဆွေးနွေးဖြေရှင်းသင့်ကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

“အခြေအနေကတော့ ဒီဇင်ဘာလထဲမှာ ရှမ်းပြည်တွေ့ဆုံဆွေးနွေးတာတွေနဲ့ တင်းမာတယ်လို့ ပြောလို့ရပါတယ်။ ဒီဘက်ကလည်း မြို့နယ်အဆင့် ဆွေးနွေးပွဲတွေက ခွင့်မပြုဘူး။ လိုက်လံပိတ်ပင်တားမြစ်တယ်။ တစ်ဖက်ကလည်း ဒါ UPDJC မပါဘူးလို့ဆိုတယ်။ နောက်တစ်ခုကလည်း ဒါ NCA ထိုးထားတဲ့ အဖွဲ့ဖြစ်ပေမဲ့ သတ်မှတ်ထားတဲ့ နယ်မြေကျော်ပြီး အခွန်ကောက်တယ်၊ အခွန်မကောက်ဘူးဆိုတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေရှိတယ်။ အဲတော့ဗျာ ဒီပြဿနာတွေဖြေရှင်းလို့ရတဲ့ NCA ထိုးထားတဲ့အဖွဲ့တွေ၊ ဖြေရှင်းလို့ရတဲ့ နေရာတွေမှာ ညှိနှိုင်းဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခုနက မြို့နယ်အဆင့် ဆွေးနွေးပွဲပြဿနာဆိုရင် ဖြေရှင်းနိုင်လို့ရတာ UPDJC မှာရှိတာပေါ့။ ခုနက အခွန်ကောက်လို့ဆိုတဲ့ ပြဿနာနဲ့ပတ်သက်ပြီးတော့ ဖမ်းတာဆီးတာနဲ့ပတ်သက်ပြီးတော့ JMC မှာ ဆွေးနွေးလို့ရနိုင်တဲ့နေရာတွေ ရှိတာကိုး။ ဒါတွေကို အဲဒီနေရာတွေမှာ အမြန်ဆုံး ဆွေးနွေးကြမယ်ဆိုရင်တော့ ပြဿနာကြီးမလာဘူးတော့။ အဲဒီလိုမဟုတ်ဘဲ အဲဒီနေရာတွေမှာ အမြန်ဆုံးမဆွေးနွေးနိုင်ရင်တော့ ပြဿနာက အဖုအထစ်တွေ ပိုပိုကြီးလာနိုင်ပါတယ်” ဟု  ဦးမောင်မောင်စိုးက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း အကြိုလူထုတွေ့ဆုံပွဲများ တားမြစ်ခံရသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA ) ကဦးဆောင်ကာ အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းရန် ပြင်ဆင်လျက်ရှိသည်။

Most Read

Most Recent