<

နောင်ချိုမြို့နယ်တွင် လက်လုပ်မိုင်းဖြင့် အပစ်ခံရမှုကြောင့် အမျိုးသားလေးဦး ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ၂၆ ရက် ည ၁၁ နာရီခန့်က လက်လုပ်မိုင်းဖြင့် အပစ်ခံရမှုကြောင့် ဘုရားကျောင်းမှ ပြန်လာသည့် အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ပြီး ပြင်ဦးလွင်ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာအုပ်စု၊ အုမ္မသီးကျေးရွာ မြင့်သာစိုက်ခြံအနီး တောစပ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေးဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုမ္မသီးရွာမှာ နေထိုင်သူ ၁၁ ဦး ဘုရားကျောင်းကနေ ပြန်လာတာပါ။ လက်လုပ်မိုင်းနဲ့ အပစ်ခံရတယ်လို့တော့ သိရတယ်။ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဘယ်သူက ဘာကြောင့် ပစ်တယ်ဆိုတာ စုံစမ်းနေတုန်း ဖြစ်ပါတယ်” ဟု နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျသူတစ်ဦးက ပြောကြားသည်။

အဆိုပါမိုင်းဖြင့် အပစ်မခံရခင် ခေါက်ဆွဲဆိုင်တွင် ထိုင်နေစဉ် ဓားဖြင့်အမျိုးသားနှစ်ဦးမှ ၀င်ခုတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း မြင့်သာခြံအနီး အရောက်တွင် လက်လုပ်မိုင်းနှင့် ပစ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ဒဏ်ရာရရှိသူများဖြစ်သည့် မောင်ဂမ်အောင်(၂၂ နှစ်) သည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ နှစ်ချက်ဖြင့် လည်းကောင်း၊ တီခွန်အောင် (၂၂ နှစ်) သည် ခေါင်းနောက်စေ့၊ ယာတင်ပါး ပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း၊ တီဇောလွဏ်း (၁၈ နှစ်) သည် ၀ဲနားထင်၊ ခြေသလုံး၊ ၀မ်းဗိုက်ဝဲယာ ပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း၊ ရိမ်အောင်ရွန်း(၂၀ နှစ်) သည်လည်း ကျောကုန်းခါး ပေါက်ပြဲဒဏ်ရာများဖြင့် လေးဦးလုံး စိုးရိမ်ရပြီး ပြင်ဦးလွင်ဆေးရုံတွင် ကုသမှုခံယူ နေရကြောင်း သိရသည်။

 














Copy Protected by Chetan's WP-Copyprotect.