သတ္တုတူးဖော်ခြင်းနှင့် ဒီရေတောများ ပြုန်းတီးလာခြင်းကြောင့် မြိတ်ကျွန်းစုအတွင်းရှိ ဖောင်လုပ်ငန်းများ ကုန်ကြမ်းအရနည်းလာ

သတ္တုတူးဖော်ခြင်းနှင့် ဒီရေတောများ ပြုန်းတီးလာခြင်းကြောင့် မြိတ်ကျွန်းစုအတွင်းရှိ ဖောင်လုပ်ငန်းများ ကုန်ကြမ်းအရနည်းလာ
Published 28 December 2017

မြိတ်ဒေသရှိ ဖောင်လုပ်ငန်းတစ်ခုကို တွေ့ရစဉ်

မြိတ်ကျွန်းစုအတွင်းရှိ ဖောင်လုပ်ငန်းများမှာ သတ္တုတူးဖော်ခြင်းနှင့် ဒီရေတောများ ပြုန်းတီးလာခြင်းကြောင့် ကုန်ကြမ်းများ အရနည်းလာကြောင်း သိရသည်။

ပွင့်လင်းရာသီများတွင် ရေပေါ်တွင် ဖောင်ဖွဲ့ပြီး လုပ်ကိုင်ရသော ဖောင်လုပ်ငန်းများမှာ ပဲ့တိုင်၊ မစမ်းပါး၊ မအိုင်၊ ဂဏန်းကျွန်း၊ လင်မလိုနှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ဒီရေတောနှင့် ဆက်စပ်နေရာများတွင် အဓိက လုပ်ကိုင်ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မိရိုးဖလာ လုပ်ကိုင်လာကြသော်လည်း ယခုအခါ ကုန်ကြမ်းရရှိမှု နည်းပါးလာကြောင်း တံငါသည်များက ပြောကြားသည်။

“ဖောင်လုပ်ငန်း ရာသီပေါ်ချိန်က သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေကနေ သုံးလလောက်အထိ လုပ်လေ့ရှိပါတယ်။ နောက်ပိုင်းဆိုရင် ကုန်ကြမ်းတွေကို မရတော့ဘူး။ အခုဆိုရင် ဖောင်လုပ်ငန်းက ငပိလုပ်တဲ့ ဂွေးကောင်လေးတွေ အရနည်းလာတယ်။ ပုစွန်တွေလည်း အရနည်းလာတယ် အရင်နှစ်ကထက်စာရင် အတော်လေး နည်းသွားတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဂွေးလုပ်ငန်းတွေ အတော်လေး အဆင်ပြေတယ်။ အခုအတော်လေး နည်းသွားတယ်။ ကျွန်တော့်အထင် ပြောရရင် အထက်ပိုင်းက သတ္တုတူးတဲ့ လုပ်ငန်းတွေ၊ ဒီရေတောတွေ ပြုန်းတီးလာတာကြောင့် ထင်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်ငန်းတွေကို အစိုးရနည်းနည်းကြပ်မတ် လုပ်စေချင်ပါတယ်” ဟု ပဲ့တိုင်ကျေးရွာမှ ဦးအေးအောင်က ပြောကြားသည်။

ပဲ့တိုင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့် ဖောင်လုပ်ငန်း လုပ်ကိုင်သော်လည်း ယခုအခါ ကုန်ကြမ်းရှားပါး လာမှုကြောင့် ဖောင်လုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာသလို နာမည်ကြီး မြိတ်ငါးပိ ထုတ်လုပ်ရန် အတွက်လည်း ခက်ခဲလာကြောင်း သိရသည်။

ပဲ့တိုင်ချောင်း အထက်ပိုင်းတွင် သတ္တုတူးဖော်ခြင်းများ ရှိသလို ဒီရေတောများကို တာဝန်ရှိသူများက ခုတ်လှဲခြင်း မပြုရန် တားမြစ်နေသည့်ကြားမှ ခုတ်ယူမှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

ဖောင်လုပ်ငန်းမှ ငါးပိထုတ်လုပ်သည့် ဂွေးကောင်များ၊ ပုစွန်များ အဓိကရရှိပြီး မြိတ်ကျွန်းစုအတွင်း ရာသီအလိုက် လုပ်ကိုင်သည့် လုပ်ငန်းတစ်မျိုး ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent