ထိုင်းနိုင်ငံတွင် အလုပ်ရရှိရန် ဆောင်ရွက်ပေးမည် ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရ

ထိုင်းနိုင်ငံတွင် အလုပ်ရရှိရန် ဆောင်ရွက်ပေးမည် ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရ
Published 28 December 2017

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများကို နိုဝင်ဘာလဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်အနီးတွင် တွေ့ရစဉ်

ထိုင်းနိုင်ငံတွင် အလုပ်ရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကြောင့် နိုင်ငံခြားတွင် အလုပ်ရမည် တစ်ရက်အလုပ်လုပ်ခ မည်မျှရမည်ဆိုတိုင်း အယုံမလွယ်ကြရန် နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ် လုပ်ကိုင်မည် ဆိုပါက မိမိချိတ်ဆက် ဆောင်ရွက်နေသည့် အေဂျင်စီသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင် ရှိ၊ မရှိ သက်ဆိုင်ရာ ဌာနများတွင် သွားရောက် စုံစမ်းကြရန်လိုကြောင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အသိပေး သတင်းထုတ်ပြန်သည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဒီဇင်ဘာ ၂၆ နှင့် ၂၇ ရက် သတင်းထုတ်ပြန်ချက်များအရ ဧရာဝတီတိုင်း ဒေသကြီးတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးသည် နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးသို့ ပတ်စ်ပို့စာအုပ် လာရောက်လျှောက်ထားစဉ် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ကျောက်ပုံကျေးရွာ ဇာတိဖြစ်သည့် ကိုနေဝင်းအောင် ဆိုသူနှင့် တွေ့ဆုံရင်းနှီးခဲ့ကြောင်း၊ ကိုနေဝင်းအောင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သစ်သီးပွဲရုံတွင် တစ်ရက်လုပ်ခ ဘတ် ၃၁၀ ရမည် ဖြစ်ကြောင်းပြောကာ ဧရာဝတီတိုင်းဒေသကြီးနေ အမျိုးသားနှစ်ဦးထံမှ ပွဲစားခ ကျပ် ၆၅၀၀၀၀ စီ တောင်းယူခဲ့ကြောင်း၊ ထိုသို့တောင်းယူခဲ့သော်လည်း အလုပ်မရရှိသည့်အတွက် ပွဲစား နေလင်းအောင်ကို အရေးယူပေးရန် ဧရာဝတီတိုင်းဒေသကြီးနေ အမျိုးသားနှစ်ဦးက တိုင်တန်းသဖြင့် နေလင်းအောင်ကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ အလားတူ နေပြည်တော်ကောင်စီ နယ်မြေတွင် နေထိုင်သည့် အမျိုးသားသုံးဦး သည်လည်း ရန်ကုန်မြို့သို့ ပတ်စ်ပို့လာရောက် လုပ်ဆောင်စဉ် ပွဲစားနေလင်းအောင်နှင့် ဘိုဘိုဆိုသူတို့က ထိုင်းတွင် အလုပ်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ် ၆၅၀၀၀၀ ခန့် ပွဲစားခ တောင်းသဖြင့် သုံးဦးအတွက် ကျပ် ၁၉ သိန်း ပေးခဲ့သော်လည်း အလုပ်မရရှိခဲ့ကြောင်း တိုင်တန်းသဖြင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် နေထိုင်သည့် ကို... အပါအဝင် ၃၂ ဦးအား တစ်ရွာတည်းနေ ကျော်မင်းထွေး (ခ)ဖိုးကျော်ဆိုသူက ထိုင်းနိုင်ငံတွင် အလုပ်ရမည်၊ ပွဲစားခ ကျပ်ခြောက်သိန်းစီ ပေးဆောင်ရမည် ဆိုသဖြင့် ကျော်မင်းထွေး (ခ) ဖိုးကျော်ကို ငွေများပေးအပ် ခဲ့ကြကြောင်း၊ ထို့နောက်တွင် အလုပ်မရသည့်အပြင် ပိုက်ဆံပါ အလိမ်ခံရ၍ စုံစမ်းကြည့်ရာ ကျော်မင်းထွေး (ခ) ဖိုးကျော်သည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင် မရှိကြောင်း သိရသဖြင့် ကျော်မင်းထွေး (ခ) ဖိုးကျော်ကို မင်းလှမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ထို့အတူ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်တွင် နေထိုင်သည့် ကို... သည် ရန်ကုန်မြို့သို့ ပတ်စ်ပို့လာလုပ်စဉ် ခင်မင်သည့် မအေးသီရိ ဖြိုးဆိုသူက ထိုင်းနိုင်ငံရှိ ဖုန်းစက်ရုံ၌ အလုပ်ရမည်ဟုဆိုကာ ပွဲစားခ ကျပ်ခုနစ်သိန်း တောင်းယူကာ ပို့ဆောင်ခဲ့သည့်အတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်သည်။

အဆိုပါ လိမ်လည်ခြင်းများမှတစ်ဆင့် လူကုန်ကူးမှုများ ဆက်စပ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် ယင်းကဲ့သို့ လိမ်လည်မှုများရှိပါက သက်ဆိုင်ရာ နီးစပ်သည့်ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားရန်၊ ထိုသို့တိုင်တန်းမှုများ ရှိလာပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဖြစ်စဉ်၏ အတိမ်အနက်အလိုက် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မိမိ၏ပတ်ဝန်းကျင်တွင် လူကုန်ကူးမှု ဖြစ်ပွားနေသည်ဟု သံသယရှိပါက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉၄၉၅၅၅၆၆၆၊ ၀၉၄၉၅၅-၅၇၇၇၊ ၀၉၄၉၅၅၅၈၈၈၊ ၀၉၄၉၅၅၅၉၉၉ တို့သို့ တိုင်တန်းနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent