တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းအချို့ရှိ စားသောက်ဆိုင်နှင့် ကန်တင်းများတွင် FDA က Canteen Food Safety စီမံချက်ဖြင့် ရှောင်တခင်စစ်ဆေး

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းအချို့ရှိ စားသောက်ဆိုင်နှင့် ကန်တင်းများတွင် FDA က Canteen Food Safety စီမံချက်ဖြင့် ရှောင်တခင်စစ်ဆေး
Published 28 December 2017

မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် Canteen Food Safety စီမံချက်ဖြင့် FDA က ရှောင်တခင်စစ်ဆေးစဉ်

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း အချို့ရှိ စားသောက်ဆိုင်နှင့် ကန်တင်းများတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက Canteen Food Safety စီမံချက်ဖြင့် ရှောင်တခင် စစ်ဆေးမှု များပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လုပ်ဆောင်နေပြီး လက်ရှိ မွန်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများတွင် စစ်ဆေးနေကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်မှစ၍ မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် (ရွှေတောင်) ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် ရှောင်တခင် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်များရှိ စားသောက်ဆိုင်နှင့် ကန်တင်းများကို နိုဝင်ဘာလမှစ၍ စီမံချက်ဖြင့် ရှောင်တခင် စစ်ဆေးနေကြောင်း၊ နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များနှင့် ချက်ပြုတ်ရာတွင် အသုံးပြုသော အစားအသောက် ကုန်ကြမ်းပစ္စည်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်ရုံးအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ပြီး ရောင်းချနေသည့် အစားအသောက်များတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးရန် အစားအသောက်နမူနာများ ရယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ ရန်ကုန်ရုံး အဖွဲ့သည် အခြားနှီးနွှယ် ဌာနများနှင့် ပူးပေါင်း၍  ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များ စစ်ဆေးခြင်း၊ ချက်ပြုတ်ရာတွင် အသုံးပြုသော အစားအသောက် ကုန်ကြမ်းများအား ဝယ်ယူစစ်ဆေးခဲ့ပြီး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးသော အစားအသောက် နမူနာများအနက် မုန့်ဖတ်မှာ ဖော်မလင်ပါဝင်ကြောင်း တွေ့ရှိရသဖြင့် ယင်းစားသုံးရန် မသင့်သော မုန့်ဖတ်များအား သိမ်းဆည်းဖျက်ဆီးခြင်း၊ ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် မူလရောင်းချသူအား စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသား အစားအသောက် ဥပဒေတွင် စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ်အန္တရာယ် ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်များ၊ အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေး ကိုထိခိုက်စေပြီး ဘေးဥပဒ်အန္တရာယ် ဖြစ်စေရန် အရာဝတ္ထု တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစားအသောက်၊ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်၊ သက်ဆိုင်ရာက သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများ ဆုံးပါနိုင်ခွင့်ရှိသော ပမာဏထက် ပိုမိုပါရှိသော အစားအသောက်၊ သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့် ပစ္စည်းဖြစ်စေ ပါရှိသော အစားအသောက်၊ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သော ပစ္စည်းပါရှိသည့် အစားအသောက်၊ စံမညီ အစားအသောက်၊ အစားအသောက်တွင် မပါဝင်သည့် ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွှဲမှားဖော်ပြထားသော အစားအသောက်၊ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သည့် ဖော်ပြရမည့် အချက်အလက်များ မပါရှိသော အစားအသောက်များကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရန် တားမြစ်ထားကြောင်း၊ ဥပဒေအရ အစားအသောက်နှင့် သက်ဆိုင်သည့် ပြစ်မှုဖြစ်ပါက ထိုသူအား ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။                           အိသဉ္ဇာကျော်

Most Read

Most Recent