၂၀၁၇ ခုနှစ်အတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွား အစုအပြုံလိုက် ဝင်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားလျော့နည်း

၂၀၁၇ ခုနှစ်အတွင်း ပုဂံဒေသသို့ ပြည်တွင်းခရီးသွား အစုအပြုံလိုက် ဝင်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားလျော့နည်း
Published 28 December 2017

ယခုနှစ်အတွင်း ပြည်ပခရီးသွားများအား ပုဂံမြို့ ဓမ္မရံကြီးဘုရားအနီး တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ ပြည်တွင်းခရီးသွားများ အစုအပြုံလိုက်ဝင်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားလျော့နည်းသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ခရစ္စမတ်ရုံးပိတ်ရက်အပါအဝင် ရုံးနှင့် စာသင်ကျောင်းများပိတ်သည့် အားလပ်ရက်များတွင် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ အစုအပြုံလိုက် ဝင်ရောက်လာရာ ဟိုတယ်၊ တည်းခိုခန်းများပြည့်လျှံသွားသည်အထိ အစုအပြုံလိုက် ဝင်ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားများမှာ ယခုနှစ်အစောပိုင်း ကာလများအဝင်များသည့်တိုင် စက်တင်ဘာလ နောက်ပိုင်းမှစတင်၍ ပြည်ပခရီးသွား ဝင်ရောက်မှုသည် သိသာစွာလျော့နည်းလာကြောင်း သိရသည်။

“စက်တင်ဘာလက နည်းနည်းလျော့တာထက် ဒီဇင်ဘာက ပိုလျော့သွားတယ်” ဟု မြန်မာနိုင်ငံံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ပုဂံဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ ပုဂံဒေသသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၂၅ ရက်အထိ ပြည်ပခရီးသွား နှစ်သိန်းကိုးသောင်းဝန်းကျင် ဝင်ရောက်ခဲ့ရာ ဒီဇင်ဘာလအတွင်း ဝင်ရောက်မှုသည် ယခင်နှစ်ထိုကာလနှင့် နှိုင်းယှဉ်လျှင် သိသာစွာလျော့နည်းလာရာ လာမည့် ၂၀၁၈ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလသည်ပင် အားရဖွယ်မရှိကြောင်း ပြည်ပခရီးသွားလုပ်ကိုင်သူများထံမှ သိရသည်။

“Package tour တွေရဲ့ သဘောကတော့ မလာတော့ဘူးဆို မလာတော့ဘူး။ ကြိုစီစဉ် လာကြသူတွေကိုး။ FIT တက်ရင်တက်ဖို့ပဲ။ ကုမ္ပဏီ Tour က ရထားတဲ့စာရင်းထက် ပိုမကွာနိုင်ဘူး။ ချက်ချင်းကြီး တက်မလာနိုင်ဘူး။ ဒီနှစ်အဖို့ကတော့ ခုလာကြတာတောင်ပြီးခဲ့နှစ်က ဝယ်ထားပြီးဖြစ်တဲ့အတွက် လာတာလို့ပြောတယ်” ဟု ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ပုဂံဒေသကမ္ဘာလှည့်ခရီးသွား လျော့နည်းသွားခြင်းသည် ရခိုင်အရေးကြောင့်ဟု ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများ သုံးသပ်ကြသည်။   ကိုနော်(ပုဂံ)

Most Read

Most Recent