ကုန်သွယ်မှုနှင့် လမ်းပန်းဆက်သွယ်မှု အချက်အချာမြို့များတွင် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ နိုင်ငံသား၊ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ကုန်သွယ်မှုနှင့် လမ်းပန်းဆက်သွယ်မှု အချက်အချာမြို့များတွင် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ နိုင်ငံသား၊ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
Published 28 December 2017

ကုန်သွယ်မှုနှင့် လမ်းပန်းဆက်သွယ်မှု အချက်အချာကျသော မြို့ကြီးများတွင် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌  နိုင်ငံသား၊ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုပြုရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖိတ်ခေါ်ထားကြောင်း သိရသည်။

အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သည့် ကုန်းတွင်းဆိပ်ကမ်းလုပ်ငန်းများ၊  အာမခံကုန်လှောင်ရုံ (Bonded Ware – house) လုပ်ငန်းများ၊ အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ်ရပ်နားစခန်းများ၊ ကုန်သွယ်မှု အထောက်အကူပြုသိုလှောင်ရုံ၊ လက်ကားရောင်းဝယ်ရေး အထောက်အကူပြု အခြေခံ အဆောက်အအုံလုပ်ငန်းများတွင် နိုင်ငံသား၊ နိုင်ငံခြားသားများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုကြရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် နိုင်ငံသား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လက်ဝယ်တွင် မြေပိုင်ဆိုင်မှုရှိပြီး သူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုလွှာများအမြန်ဆုံး တင်ပြနိုင်ကြောင်း အသိပေးကြော်ငြာထားသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နံှမှုပြုရန် စိတ်ဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲ(၄)သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သွင်းကုန်အစားထိုးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိရေး၊ လုပ်ငန်းအတွက် မြေနေရာနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် ကူညီဆောင်ရွက်ပေးမည်ဟု ယခုလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သွင်းကုန်အစားထိုးလုပ်ငန်းများအဖြစ် သတ်မှတ်ထားသောလုပ်ငန်းများမှာ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ လယ်ထွန်စက်နှင့် လယ်ယာနောက်တွဲယာဉ်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း ကိရိယာများထုတ်လုပ်ခြင်းလုပ်ငန်း၊ စက်နှင့်စက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့် သံမဏိ ဆောက် လုပ်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်း၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်း၊ စက္ကူများထုတ်လုပ်ခြင်းလုပ်ငန်း၊ ဓာတုဗေဒချည်ခင်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားသုံးဆီထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent