သောင်ပြိုကမ်းပြိုအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်ဆီ ဆွဲခေါ်နိုင်မည်လား

သောင်ပြိုကမ်းပြိုအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်ဆီ ဆွဲခေါ်နိုင်မည်လား
Published 27 December 2017

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေတွင် မဲပေးနေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အထွေထွေ ရွေးကောက်ပွဲများ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိသည့် ပါတီသည်သာ သမ္မတ နှင့် အစိုးရအဖွဲ့ကို စိတ်တိုင်းကျ ရွေးချယ်ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ အနိုင်ရရှိခြင်း သို့မဟုတ် သောင်ပြိုကမ်းပြိုအောင်ပွဲသည် အကယ်စင်စစ် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်ဆဲဖြစ်သည်။ အာဏာရပါတီအနေဖြင့် သောင်ပြိုကမ်းပြိုအောင်ပွဲကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆီ ခေါ် ဆောင်နိုင်ရေးသည် လက်ငင်းနိုင်ငံရေး စိန်ခေါ်မှုကြီးပင်ဖြစ်သည်။ သောင်ပြိုကမ်းပြို အနိုင်ရရှိမှုသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကာလထက် ပိုမိုခက်ခဲ၊ ခဲယဉ်းလာနိုင်ဖွယ် ရှိနေသည်။

၂၀၂၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံရေးသို့ သွားရာလမ်းကြောင်းတွင် တံတားသဖွယ်ပင်ဖြစ်သည်။ ပြည်သူက ရွေးကောက်တင်မြှောက်သော အစိုးရ၊ ပြည်သူက ရွေးကောက်တင်မြှောက်သော လွှတ်တော်တို့သည် ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များပင်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အ ခြေခံသော ပြည်ထောင်စု သို့မဟုတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူရည်တူရှိမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှုတို့အပေါ် အခြေပြုပြီး ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စေ့စပ်ညှိနှိုင်း ဆွေးနွေး တည်ဆောက်နိုင်ရေးသည် လက်ငင်း နိုင်ငံရေး၏ အကျပ်အတည်းကြီးပင် ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ ကျင်းပခဲ့ပြီးသော  အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်စလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် မှတ်တမ်း များကသာ ထင်ရှားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချိန်ထိုးကြည့်မည်ဆိုလျှင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံကို အနိုင်ရရှိသည့် ပါတီသည်သာ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး အစိုးရများကို လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှစ်ကြိမ်စလုံးတွင် တိုင်းရင်းသားပါတီများသည် ကိုယ်စားလှယ်အနည်းစုသာ  အနိုင်ရရှိခဲ့ပြီး အစိုးရနှင့် လွှတ်တော်နိုင်ငံရေးထဲတွင် အားမျှခြေတစ်ခုကို ထိန်းကျောင်းနိုင်သည်အထိ အားကောင်းခဲ့သည်ကို မတွေ့ရှိရပေ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီ  နှင့် ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အားကောင်းမောင်းသန် အနိုင်ရရှိခဲ့သော်လည်း တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ထောင်စု လွှတ်တော်တွင်း နိုင်ငံရေး ခြေကုတ်ရရှိမှုသည် အားနည်းနေမြဲ၊ အားနည်းနေဆဲပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အစိုးရ အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်နယ်များတွင်ပါ ပုံအောမဲပေးခဲ့ရခြင်းသည် တိုင်းရင်းသားပါတီအချို့ကို လွှတ်တော်တွင်း နိုင်ငံရေးခြေကုတ် အားလျော့စေခဲ့သည့်  အကြောင်းအရင်း တစ်ခုဟု မှတ်ချက်ပြုနိုင်မည် ဖြစ်သည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ခုနှစ်တုန်းကကဲ့သို့ တစ်ထပ်တည်း သောင်ပြိုကမ်းပြိုအနိုင်ရရှိရန် အလားအလာ နည်းပါးလာနေသည်ဟု လည်းကောင်း၊ အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အလွန် လွှတ်တော်နိုင်ငံရေးတွင် ပိုမိုခြေကုတ် ရကောင်း ရလာနိုင်သည်ဟုလည်းကောင်း သုံးသပ်သံများ၊ ခန့်မှန်းတွက်ချက်သံများ ကျယ်လောင်လျက် ရှိနေသည်။ ဒီချုပ်ပါတီလည်းမဟုတ်၊ ပြည်ခိုင်ဖြိုးပါတီလည်း မဟုတ်၊ တိုင်းရင်းသားပါတီလည်း မဟုတ်သော ကြားပါတီများ၏ အခန်းကဏ္ဍသည်လည်း စိတ်လှုပ်ရှားဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာဖြစ်လာနိုင်ဖွယ် ရှိနေသည်။ လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်များ၌ တိုင်းရင်းသား ပါတီများအနေဖြင့် အနိုင်ရရှိရန် မီးကုန်ယမ်းကုန် အားထုတ်လာနိုင်ဖွယ်ရှိနေသည့်အလျောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်တွင်း နိုင်ငံရေးကုတ်အားကို ထိန်းညှိခံရနိုင်ဖွယ်ရှိနေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံကို အနိုင်ရရှိပါ့မလားဟု မေးခွန်းထုတ်သံများ ကြားနေရသည်။ အာဏာရပါတီအနေဖြင့် အဆိုပါအခြေအနေ နှင့် စပ်လျဉ်း၍ လေ့လာမှု၊ စစ်တမ်းတစ်စောင် ကောက်ယူဆန်းစစ်သင့်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကြုံတွေ့လာရနိုင်ဖွယ် ရှိနေသည့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများအပေါ် ခရေစေ့တွင်းကျ လေ့လာသုံးသပ်ပြီး အကောင်းဆုံးဗျူဟာများ၊ နည်းနာများကို လမ်းပြပေးနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ဒီချုပ်ပါတီအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပါတီ၏ မဟာမိတ်မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တို့ ကို ပြန်လည်သုံးသပ် ဆန်းစစ်သင့်ပြီး တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဆက်ဆံရေးယန္တရားကို အားကောင်းမောင်းသန် ပြန်လည်တည်ဆောက်သင့်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် အထူးသဖြင့် ပြည်နယ်မဲဆန္ဒနယ်များ၌ နိုင်ငံရေးအရ ပိုမိုခြေကုတ်ရလာနိုင်ခြေ မြင့်မားလျက်ရှိနေသည်။ ပြည်နယ်အလိုက် တိုင်းရင်းသားပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရား၊ ပေါင်းစပ်ပူးပေါင်းမဲဆွယ်စည်းရုံးရေး နည်းနာတို့ကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပြီး ရွေး   ကောက်ပွဲပူးပေါင်းဆောင်ရွက်ရေးနိုင်ငံရေး စြင်္က ံလမ်းတစ်ခုကို  ညှိနှိုင်းဆွေးနွေး၊ ဖော်ဆောင်လာနိုင်မည်ဆိုလျှင် ပိုမိုအားကောင်းမောင်းသန် ခြေကုတ်ရလာနိုင်ဖွယ် ရှိနေသည်။

တိုင်းရင်းသားပါတီများသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအလွန်  အစိုးရဖွဲ့စည်းရေးတွင် အဆုံးအဖြတ်ပေးနိုင်သည့်နေရာကို ရောက်ရှိပြီး၊ အကဲဖြတ်ပေးနိုင်မည့် အစုအဖွဲ့ဖြစ်ရန်လည်း အခွင့်အလမ်းရှိနေသည်။ ပြည်ထောင်စုလွှတ်တော်တွင်  တိုင်းရင်းသားပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ နီးပါးကို ခြေကုတ်ရယူထားနိုင်မည်ဆိုလျှင် အစိုးရ မဖွဲ့နိုင်လင့်ကစား အစိုးရ ဖွဲ့စည်းရာတွင် အလေးထား ညှိနှိုင်းဆွေးနွေးရမည့် အစုအဖွဲ့ ဖြစ်လာနိုင်ခြေ ရှိနေသည်။ တိုင်းရင်းသား ပါတီများအကြား မဟာမိတ်စုဖွဲ့မှု  အားကောင်းလာမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အစိုးရ ဖွဲ့စည်းရေးအခင်းအကျင်းတွင် နိုင်ငံရေးအရ အပေးအယူ လုပ်နိုင်မည့် အလားအလာကို မြင့်မားလာစေနိုင်ဖွယ်ရှိသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေး မျက်နှာစာတွင် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးခြေကုတ်အားသည် ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံအထိ မဖြန့်ကျက်နိုင်လျှင်၊ အာဏာရပါတီဟောင်း  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်လည်း  ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံအထိ အနိုင်ရရှိနိုင်ခြင်းမရှိလျှင်  တိုင်းရင်းသားပါတီများနှင့် ကြားပါတီများ၏ အခန်းကဏ္ဍသည် မြင့်မားသည်ထက် မြင့်မားကာ အစိုးရဖွဲ့စည်းရေးအတွက် လွန်းပြန်၊ လွန်းထိုးညှိရ၊ နှိုင်းရ၊ ဆွေးနွေးရသည့်ဘက်ကို ယိမ်းလာမည်မှာ ဧကန်မုချဖြစ်သည်။ တိုင်းရင်းသားပါတီများအနေဖြင့် ဟန်ချက်ညီညီ၊ ဗျူဟာမြောက် ပြင်ဆင်တည်ဆောက်နိုင်လေလေ၊ လာမည့်ရွေးကောက်ပွဲအလွန် တိုင်းရင်းသားပါတီများ၏ နိုင်ငံရေးခြေကုတ် အားကောင်းလေလေဖြစ်ပြီး အာဏာခွဲဝေရေး ညှိနှိုင်းဆွေးနွေးပွဲများကို အသက်ဝင်လာစေနိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အလွန်ကာလတွင် အစိုးရများ၊ လွှတ်တော်များနှင့် အာဏာရပါတီတို့ အနေဖြင့် အားနည်းချက်များ၊ လိုအပ်ချက်များ၊ စိန်ခေါ်ချက်များကို ဆန်းစစ်ပြုပြင်ပြီး  အားကောင်းမောင်းသန် တည်ဆောက်လာ နိုင်မည်ဆိုလျှင် ပြည်သူကိုမျက်နှာမူလျက် ပြည်သူ့အသံ ပြည်သူ့ဆန္ဒတို့ကို အလေးအနက် ထားလာနိုင်မည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယမ္ပိ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး အစိုးရများ လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်မည့် အလားအလာကလည်း ရှိမြဲရှိနေသည်မှာ ဧကန်မုချပင်ဖြစ်သည်။ ၂၀၁၈  ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကာလ အစိုးရများ၊ လွှတ်တော်များနှင့် အာဏာရပါတီတို့၏ စွမ်းဆောင်ရည်သည် သော့ချက်ပင်ဖြစ်သည်။  ၂၀၁၈ ခုနှစ်အလွန်ကာလတွင် ဒုံရင်းအတိုင်း ဖြစ်နေဦးမည်ဆိုလျှင်၊ မူဝါဒပိုင်း၊ လူပုဂ္ဂိုလ်ပိုင်း အားနည်းမြဲ နည်းနေဦးမည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နိုင်ငံရေးခြေကုတ် အားလျော့သွားနိုင်ဖွယ်ရှိသည်မှာ ရှောင်လွှဲမရနိုင်သော အခင်းအကျင်းပင်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံ အနိုင်ရရှိရေးကို စက်ကုန်ဖွင့်၊ ရွက်စုံလွှင့်မည်ဆိုလျှင် ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းကတည်းက စီမံချက်၊  အစီအစဉ်၊ အချိန်ဇယားတို့ကို ရေးဆွဲ သတ်မှတ်ရတော့မည်ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်တို့သည်လည်း ဟန်ချက်ညီညီ၊ စွမ်းဆောင်ရည်မြင့်မား၊ အားကောင်းမောင်းသန် အစွမ်းပြကြရမည်ဖြစ်သည်။ သို့မှသာ ဒီချုပ်ပါတီသည် သောင်ပြိုကမ်းပြိုအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်ဆီ ဆွဲခေါ်နိုင်မည်ဖြစ်သည်။  သို့မဟုတ်ပါက ဒီချုပ်ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အများစု အနိုင်ရရှိသည့်ရလဒ်နှင့်သာ တင်းတိမ်ရောင့်ရဲလိုက်ရမည့်ကိန်း ဆိုက်သွားနိုင်ဖွယ် ရှိနေသည်။

အချုပ်အားဖြင့်ဆိုသော် အစိုးရများ နှင့် လွှတ်တော်များ၏ မူဝါဒများ၊ လမ်းစဉ်များ၊ နည်းနာများ၊ လုပ်ဟန်များသာမက  လူပုဂ္ဂိုလ်များကိုပါ ကျောသားရင်သား မခွဲမခြား၊ ရှေ့မျက်နှာနောက်ထား၍ သုံးသပ်ဆန်းစစ်ကြရမည်ဖြစ်သည်။ အကြီးအကျယ် ပြုပြင်ပြောင်းလဲကြရမည်ဖြစ်သည်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီပြည်သူကို မြင့်မြင့်မားမား မျက်နှာမူကြရမည်ဖြစ်သည်။ အပေါ်ယံ သာမန်ကာလျှံကာမဟုတ် အနှစ်သာရမြင့်မားသည့် ပြုပြင်ပြောင်းလဲရေးခြေ လှမ်းများနှင့်အတူ ၂၀၁၈ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဗျူဟာမြောက် ဖြတ်ကျော်နိုင်မှသာ သောင်ပြိုကမ်းပြို အနိုင်ရရှိရေးသည် အားကောင်းမောင်းသန်သည်ထက် အားကောင်းမောင်းသန် လာမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။