မော်ချီးသတ္တုတွင်းဒေသတွင် အလယ်တန်းပြဆရာမ တစ်ဦးအား ဆောက်လုပ်ရေးလုပ်သား တစ်ဦးက ဓားဖြင့်ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ကြံစည်မှု ဖားဆောင်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်

မော်ချီးသတ္တုတွင်းဒေသတွင် အလယ်တန်းပြဆရာမ တစ်ဦးအား ဆောက်လုပ်ရေးလုပ်သား တစ်ဦးက ဓားဖြင့်ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ကြံစည်မှု ဖားဆောင်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်
Published 27 December 2017

ကယားပြည်နယ် မော်ချီးသတ္တုတွင်း ဒေသတွင် ပထမဆုံးအကြိမ်ဖြစ်သော အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးအား ဆောက်လုပ်ရေးလုပ်သား တစ်ဦးက ဓားဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မကြံစည်မှု ဖြစ်ပွားသည့် အမှုအား ဖားဆောင်းမြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၆ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဖားဆောင်းမြို့နယ် တရားရုံးတွင် တစ်လနှင့် ၁၀ ရက်သာ အမှုရင်ဆိုင်ရပြီး မော်ချီး ၁၃ ကုန်းရှိ ဒေါကလူ အမျိုးသမီး အဖွဲ့နှင့် လွိုင်ကော်ရှိ Women for Women အဖွဲ့များမှ တရားရင်ဆိုင်စဉ် အစအဆုံး ဝိုင်းဝန်ကူညီ ပေးကြကြောင်း သိရသည်။

“ကျွန်မတို့အဖွဲ့တွေ အမှုနဲ့ပတ်သက်ပြီး အစအဆုံး ကူညီပေးတယ်။ အစအဆုံး ထိထိရောက်ရောက် လိုက်ကူညီတဲ့အပြင် တရားသူကြီး အပါအဝင် ဥပဒေအရာရှိတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ အမှုဟာ တရားမျှတမှုရှိရှိ အမိန့်ချနိုင်ခဲ့တာ တွေ့ရပါတယ်” ဟု ဒေါကလူ အမျိုးသမီး အဖွဲ့ခေါင်းဆောင် နော်မာဂရက်စိန်က ပြောကြားသည်။

အလက (ခွဲ) အနာဂတ် အလင်းတန်း ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော အလယ်တန်းပြ ဆရာမမှာ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင် အနာဂတ် အလင်းတန်းရွာ ဝန်ထမ်းအိမ်ရာတွင် အိပ်ပျော်နေစဉ် မော်ချီးမီးသတ်စခန်း တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လာရောက် အလုပ်လုပ်နေသော လုပ်သားတစ်ဦးဖြစ်သည့် ကိုဝေလင်းထွန်း အသက် (၂၉ နှစ်) က အိပ်ပျော်နေသော ဆရာမ၏ ခြင်ထောင်တွင်းသို့ ဝင်ရောက်ကာ လည်ပင်အား ဓားဖြင့်ထောက်၍ အဓမ္မကြံစည်ရန် ကြိုးစားစဉ် အခန်းနီးချင်းများ နိုးလာ၍ ထွက်ပြေးသွားသော်လည်း ဆယ်အိမ်မှူးနှင့် ရွာသားများ ဝိုင်းဝန်းဖမ်းဆီးကြသဖြင့် ဖမ်းမိကြောင်း သိရသည်။

တရားခံမှာ အောက်ပိုင်း ဝတ်လစ်စလစ်ဖြင့်  ခြင်ထောင်တွင်းသို့ ဝင်လာကာ အိပ်ပျော်နေသည့် ဆရာမအား ပါးစပ်ပိတ်ကာ နောက်ကျောအား အရိုးအသွား ခြောက်လက်မရှိသော ဓားဖြင့်ထောက်ကာ ခြိမ်းခြောက်သည့်အပြင် ခဲတံချွန်သည့် ဓားသေးတစ်ခုပါ အတူယူဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

မော်ချီးသတ္တုတွင်း ဒေသသည် ဦးပိုင်ကုမ္ပဏီနှင့် ပြည်နယ်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပိုင် သတ္တုကျင်းများရှိရာ ဒေသဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများ နည်းပါးသော မှော်တစ်ခု ဖြစ်ခဲ့ကြောင်း၊ ယခုအခါ ပြည်မမှ လာရောက်အခြေချ အလုပ်လုပ်သူများ တဖြည်းဖြည်း များပြားလာနေသည့်အပြင် မူးယစ်ဆေးဝါးများလည်း ဖမ်းဆီးမိနေကြောင်း လူမှုရေးအဖွဲ့နှင့် လူငယ်အချို့ထံမှ သိရသည်။

 

Most Read

Most Recent