အင်းလျားကန်ပေါင်အနီး တည်ဆောက်ထားသည့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ကန်သာယာအထူးကုဆေးရုံကြီးအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

အင်းလျားကန်ပေါင်အနီး တည်ဆောက်ထားသည့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ကန်သာယာအထူးကုဆေးရုံကြီးအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်
Published 27 December 2017

ကန်သာယာ အထူးကုဆေးရုံကြီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

အင်းလျားကန်ပေါင်အနီး တည်ဆောက်ထားသည့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ကန်သာယာအထူးကုဆေးရုံကြီး (Kan Thar Yar International Specialist Hospital) ဖွင့်ပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက အဆိုပါအထူးကုဆေးရုံကြီး၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ဆေးရုံဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Kan Thar Yar International Specialist Hospital ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်  Kan Thar Yar International Specialist Hospital ၏  Vision, Mission နှင့် နိုင်ငံတကာအဆင့်မီဆေးရုံ ဝန်ဆောင်မှုများအား မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ စီမံကိန်းများညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက Powerpoint၊ Video Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး  မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက အထူးကုဆေးရုံကြီးဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်အား နေရာအရောက် ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ယခုဖွင့်လှစ်လိုက်သည့် Kan Thar Yar International Specialist Hospital သည် ရန်ကုန်မြို့၊ အမှတ်(၈၇)၊ ပြည်လမ်း ၆ မိုင်ခွဲ၊ အင်းယားကန်ပေါင်အနီးတွင် တည်ရှိသည်။

နိုင်ငံတကာအဆင့်မီ ကန်သာယာ အထူးကုဆေးရုံကြီးကို နှလုံးနှင့်ကျောက်ကပ်ရောဂါများကို အထူးကုသရာတွင် (One Stop Service Center) တစ်နေရာတည်း၌ပင် ပြည့်စုံလုံလောက်သော ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်စေရန်၊ နိုင်ငံသားများပြည်ပ နိုင်ငံများသို့ သွားရောက်ဆေးကုသ ခံယူခြင်းအစား နိုင်ငံအတွင်းတွင် စရိတ်မျှတ၍ ကိုယ်စိတ်ချမ်းသာစွာဖြင့် ကုသခံနိုင်ရန်၊ ဆေးရုံနှင့် လူနာ မမျှတမှုကိုဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာစေရန်၊ အဆင့်မြင့်ရောဂါ ရှာဖွေ ကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများနှင့် နည်းပညာ အဆင့်မြင့်မားသည့်ကုသမှုများကို ပြည်သူလူထု အများ ရရှိနိုင်စေရန် ရည်ရွယ်၍  တည်ဆောက် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကန်သာယာ အထူးကုဆေးရုံကြီးအား နှလုံးပြင်ပလူနာကုသမှုဌာန၊ ကျောက်ကပ်ပြင်ပ လူနာကုသမှုဌာန၊ နှလုံးသွေးကြောချဲ့ ကုသမှုဌာန၊ ကျောက်ကပ်သွေး သန့်စင်ကုသမှု ဌာန၊ နှလုံးဆိုင်ရာ အထူးကြပ်မတ်ကုသမှုဌာန၊ အရေးပေါ်ကုသမှု ဌာန၊ ခွဲစိတ်ခန်းမကြီးများနှင့် ဖွဲ့စည်းထားရှိပြီး ရောဂါ ရှာဖွေ စမ်းသပ် စစ်ဆေး ဆောင်ရွက်ရာတွင်လည်း ကျွမ်းကျင်သောသမားတော်ကြီးများ၊ ခွဲစိတ်ကုသမှုဆိုင်ရာပါရဂူကြီးများက နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းကိရိယာများ၊ အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ကန်သာယာအထူးကုဆေးရုံကြီး ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent