ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှုပေါ်ပေါက်ရေး အမြန်ဆုံးဖော်ဆောင်ပေးရန် UNFC တောင်းဆို

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှုပေါ်ပေါက်ရေး အမြန်ဆုံးဖော်ဆောင်ပေးရန် UNFC တောင်းဆို
Published 27 December 2017

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး  အသတ်ခံရမှုနှင့် ပတ်သက်၍  ပွင့်လင်း မြင်သာမှု ရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှု ပေါ်ပေါက်ရေးတို့အတွက် အစိုးရတပ်မတော်က အမြန်ဆုံးဖော်ဆောင်ပေးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လေးနက်စွာ တောင်းဆိုလိုက်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်သည်။

ဤအဖြစ်အပျက်သည် ခိုင်မာမှုမရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဆိုးကျိုးတရားဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ UNFC မှ DPN ၏ အဆိုပြုချက် ကိုးချက်ဖြင့် လွတ်လပ်ဘက် မလိုက်သော မှန်ကန်သည့် ကြားနေ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေး ယန္တရားကို  ဖန်တီးတည်ဆောက်၍ လက်ရှိအပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်ရန် အလေးအနက် အဆိုပြုထားရခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း တပ်ဖွဲ့ဝင်လေးဦး အသတ်ခံရပြီး ရွာသားတစ်ဦး ပျောက်ဆုံးနေကြောင်း ဒီဇင်ဘာ ၂၂ ရက်က သဘောထားကြေညာချက် ထုတ်ပြန်ထားခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ခူညေးရယ်က “ပထမတော့ ကနဦးအစောကတော့ ကျွန်တော်တို့လေးယောက် အဲလိုပြောထားတယ်။ ပြောထားတယ်ဆိုတဲ့အကြောင်းရင်းက အဲဒီမှာ ရွာသားတစ်ယောက် ပါတယ်လေ။ အဲဒီရွာသား ပျောက်နေတယ်ဆိုတော့။ ပထမ ကျွန်တော်တို့ အချိတ်အဆက်မမိဘူး။ နောက်ပြီးတော့မှ အစိုးရလည်း သူတို့လေးယောက်ပဲ တွေ့တယ် ဆိုတော့ ကျွန်တော်တို့ ရဲဘော်တွေလို့ ကျွန်တော် အဲဒီလိုပဲ မြင်တယ်။ အဲဒီအထဲမှာ ဖြစ်စဉ်က ဒီလိုရှိတယ်။ ကျွန်တော်တို့ KNPP ရဲဘော်တစ်ယောက် ပြန်လွတ်မြောက်တယ်လေ” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်ကို ဥပဒေအရဖြေရှင်းရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ကို စာပို့ပြီးဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ထံကိုလည်း စာပို့ရန် စီစဉ်နေကြောင်း KNPP ဗဟိုကော်မတီဝင် ခူညေးရယ်က ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြပြီး ၎င်းတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် အစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်။

Most Read

Most Recent