ကျွမ်းကျင်မှုရှိသော လုပ်သားအင်အားစုကို လေ့ကျင့်ပျိုးထောင်ပြီး သင့်လျော်သည့်လုပ်ငန်းခွင်တွင် အလုပ်အကိုင်ရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ရမည်ဟုဆို

ကျွမ်းကျင်မှုရှိသော လုပ်သားအင်အားစုကို လေ့ကျင့်ပျိုးထောင်ပြီး သင့်လျော်သည့်လုပ်ငန်းခွင်တွင် အလုပ်အကိုင်ရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ရမည်ဟုဆို
Published 27 December 2017

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုရှိသော လုပ်သားအင်အားစုကို လေ့ကျင့်ပျိုးထောင်ပြီး သင့်လျော်သည့်လုပ်ငန်းခွင်နေရာတွင် အလုပ်အကိုင်ရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အလုပ်အကိုင်ဖန်တီး ပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူ နိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး၊ လုပ်သားများ၏ ကျွမ်းကျင်မှုတိုးတက်မြင့်မားရေးနှင့် သင့်လျော်သည့် လုပ်ငန်းခွင်၌ နေရာချထားနိုင်ရေးတို့ကို သက်ဆိုင်သည့်အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများက ယခုဖွဲ့စည်းထားပြီးဖြစ်သည့် Job Creation Sector Cordination ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံခြားဈေးကွက်ရရှိသည့် အရည်အသွေး ကောင်းမွန်သော ကုန်စည်များ၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်ထားသည့်ကုန်စည်များ ဈေးကွက်ရရှိရေးတို့အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းမြင့်မားသော စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုအကူအညီနယ်ပယ်များကို လေ့လာသုံးသပ်ပြီး ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit) နှင့် ဆက်စပ် အဖွဲ့အစည်းများသို့ ယခုဖွဲ့စည်းထားသည့် အဖွဲ့မှ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ “လုပ်သားအင်အားစုတွင် ပါဝင်သူများအားလုံး ၂၀၃၀ ပြည့်နှစ်၌ သင့်လျော်သည့်အလုပ်အကိုင် ရရှိစေရန်” ဟူသော  ရည်မှန်းချက်ကို ချမှတ်လျက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent