မန္တလေးမြို့ မဟာမုနိဘုရားကြီး အရှေ့ဘက်မုခ်ခြမ်းရှိ ပျံကျဈေးသည်များအား ဆိုင်ခန်းနေရာ ချထားပေးမှုအပေါ် ဈေးသည်များဝေဖန်

မန္တလေးမြို့ မဟာမုနိဘုရားကြီး အရှေ့ဘက်မုခ်ခြမ်းရှိ ပျံကျဈေးသည်များအား ဆိုင်ခန်းနေရာ ချထားပေးမှုအပေါ် ဈေးသည်များဝေဖန်
Published 27 December 2017

မဟာမုနိဘုရားကြီး အရှေ့ဘက်မုခ်ခြမ်းရှိ ပျံကျဈေးသည် ဆိုင်ခန်းနေရာချထားပေးမှုအား တွေ့ရစဉ်

မန္တလေးမြို့ မဟာမုနိဘုရားကြီး အရှေ့ဘက်မုခ်ခြမ်းများ၌ ရောင်းချနေသော ပျံကျဈေးသည်များအား ဘုရားကြီးဂေါပက အဖွဲ့မှ သတ်မှတ်တည်ဆောက် ပေးထားသော ဆိုင်ခန်းနေရာများ၌ ရောင်းချရန် နေရာချထားပေးမှုအပေါ် ဈေးသည်များ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ဘုရားကြီး ဂေါပကအဖွဲ့မှ ကမ္ဘာ့အဆင့်မီ ဘုရားတစ်ဆူ ဖြစ်စေရန် ရည်ရွယ်၍ ပျံကျဈေးသည်များအတွက် ခြောက်ပေ ပတ်လည်နှင့်၊ ရှစ်ပေပတ်လည် အကျယ်အဝန်းရှိ ဆိုင်ခန်းများ တည်ဆောက်ပေးကာ ရောင်းချစေခဲ့ခြင်းအပေါ် ဈေးသည်များက ဘုရားကြီး သန့်စင်ခန်းဖြင့် နီးကပ်နေခြင်း၊ ဘုရားဖူးလာ ဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါးသည့်နေရာ ဖြစ်ခြင်းတို့အား ဝေဖန်မှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားကြီး ဂေါပကတွေ ချပေးထားတဲ့ နေရာမှာ ကျွန်မတို့ ဘယ်လိုမှ အဆင်ပြေဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်သာရဲ့ ဘယ်နဲ့ ညာဘက်မှာ ချထားပေးတယ်။ အိမ်သာနဲ့နီးတော့ စားသုံးမယ့်သူတွေက သိပ်မစားချင်ကြဘူး။ ပြီးတော့ လူသွားလမ်းရဲ့ဘေး မဟုတ်တဲ့အတွက် ဘယ်လိုမှ အဆင်မပြေပါဘူး။ လူသွားလမ်းရဲ့ဘေးမှ ချပေးတယ်ဆိုရင် အဆင်ပြေပါတယ်။ ပြီးတော့ အခုဆောက်ထားတဲ့ ဆိုင်ခန်းတွေက နှစ်ထပ်ဖြစ်နေတာ တွေရှိတော့ စားသုံးသူက ရှေ့ကဆိုင်ကိုပဲ ဝင်စားတယ်။ နောက်ကဆိုင်က ရောင်းမရတော့ အဆင်မပြေပါဘူး” ဟု ပျံကျဈေးသည် တစ်ဦးဖြစ်သူ မဇာခြည်နွေးက ပြောကြားသည်။

ထိုကဲ့သို့ အဆင်မပြေမှုများအပေါ် ဈေးသည်အချို့က ဝေဖန်နေခြင်းဖြစ်ကာ ဆန္ဒပြဖို့လည်း ရည်ရွယ်ထားကြောင်း မဇာခြည်နွေးက ဆက်လက်ပြောကြားသည်။

ပျံကျဈေးသည်များအား ဘုရားကြီး၏ အရှေ့ဘက်မုခ်အခြမ်း၏ မြောက်ဘက်တွင် ဆိုင်ခန်းများ အခန်းပေါင်း ၃၂ ခန်း ဆောက်ပေးထားပြီး အမျိုးသား အထိမ်းအမှတ် တစ်ခုအဖြစ် သန့်ရှင်းသာယာဖို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို ဘုရားကြီး ဂေါပကအဖွဲ့ဝင် အတွင်းရေးမှူး ဦးကျော်ကျော်ဦးက “ဘုရားကြီးကနေပြီး အဆောက်ပေးထားတဲ့ ဈေးဆိုင်ခန်းတွေပေါ်မှာ သူတို့ကို ရောင်းချခိုင်းတယ်။ စရိတ်စက မများအောင် သူတို့ကို အခွန်ကင်းလွတ်ခွင့် ပေးဖို့တောင် စီစဉ်ထားပါတယ်။ အဆင့်အတန်းမီ ဘုရားတစ်ဆူဖြစ်ဖို့ မလွယ်ပါဘူး။ ဈေးသည်တွေ အနေနဲ့ အခိုက်အတန့်လေးတစ်ခု စောင့်ပေးကြရုံပါ။ နောက်ပိုင်း ဘုရားဖူးလာ ဧည့်သည်တွေက ဒီနေရာမှာ ရောင်းမှန်းသိရင် လာကြမှာပါ။ ပြီးတော့ ဂေါပကအဖွဲ့ဝင်တွေ ချပေးတဲ့နေရာတွေမှာ ရောင်းချတဲ့ကုန်တွေ တူနေရင် ချိန်းလို့ရပါတယ်။ အိမ်သာနားဆိုပေမယ့် အိမ်သာက အဆင့်မီ ဆောက်ထားတာပါ။ အနံ့မထွက်အောင်လည်း ဆေးခတ်ထားပါတယ်” ဟု ပြောကြားသည်။

ဘုရားကြီး ဂေါပကအဖွဲ့အနေဖြင့် ဘုရားကြီးပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ ဆောင်ရွက်နေခြင်းဖြစ်ကာ နောက်ထပ်ဆိုင်ခန်းများ တိုးချဲ့ဆောက်လုပ်နေကြောင်း၊ ထို့အတူ မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့က ဒီဇင်ဘာ ၁၂ ရက်က ဘုရားကြီး အရှေ့ဘက်မုခ်၏ ဘယ်ဘက်အခြမ်းနှင့် ညာဘက်အခြမ်းရှိ ဈေးဆိုင်ခန်းများ၏ နေရောင်ကာ Sun Shade များအား ဖယ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent