ပြည်ပသို့ လုပ်သားစေလွှတ်သော အေဂျင်စီများအနက် ဂုဏ်သိက္ခာရှိသည့် အေဂျင်စီအား လာမည့်နှစ်တွင် အလုပ်သမား ဝန်ကြီးဌာနက ဆုပေးမည်

ပြည်ပသို့ လုပ်သားစေလွှတ်သော အေဂျင်စီများအနက် ဂုဏ်သိက္ခာရှိသည့် အေဂျင်စီအား လာမည့်နှစ်တွင် အလုပ်သမား ဝန်ကြီးဌာနက ဆုပေးမည်
Published 27 December 2017

ပြည်ပသို့ မြန်မာလုပ်သားများ တရားဝင်စေလွှတ်သော အေဂျင်စီများအနက် ဂုဏ်သိက္ခာရှိသည့် အေဂျင်စီများကို အလုပ်သမား ဝန်ကြီးဌာနက ဆုပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်သိက္ခာရှိသော အေဂျင်စီဆုကို လာမည့် ၂၀၁၈ ခုနှစ်တွင် ပေးအပ်မည်ဖြစ်ပြီး မြန်မာ့ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အဖွဲ့ဝင် အေဂျင်စီများထဲမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် အေဂျင်စီကို ဆုပေးမည်ဖြစ်ကြောင်း သိရသည်။

“အေဂျင်စီတွေအနက် ဂုဏ်သိက္ခာရှိတဲ့ အေဂျင်စီအဖြစ် ဆုတွေပေးချင်တယ်။ အဲဒါကို စည်းမျဉ်း စည်းကမ်းတွေနဲ့ ဘယ်လိုဆုတွေ ရချင်တာလဲ။ လုပ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာလဲပေါ့” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ဆုပေးရာတွင် MOEAF က တင်ပြလာသည့် အေဂျင်စီအား အလုပ်သမား ဝန်ကြီးဌာနက ထပ်မံစိစစ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကောင်းတဲ့အေဂျင်စီကို ဆုပေးမယ်။ အဲဒါ MOEAF ကို တာဝန်ပေးထားတယ်။ ဘယ်အေဂျင်စီက စည်းကမ်းကောင်းလဲ။ သူတို့ကပဲ အကဲဖြတ်မှာပေါ့။ သူတို့တင်ပြတဲ့ဟာကို ဝန်ကြီးဌာနက ပြန်ပြီးစဉ်းစားမယ်။ သုံးသပ်မယ်။ လေ့လာမယ်။ ပြီးတော့ ဆုပေးမယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

မြန်မာ့ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) လက်အောက်တွင် အဖွဲ့ဝင် အေဂျင်စီ ၂၆၀ ကျော်ရှိပြီး သတ်မှတ်ထားသည့် စည်းကမ်းချိုးဖောက်မှုများကြောင့် လုပ်သားစေလွှတ်ခွင့် လိုင်စင် ယာယီနှင့် လိုင်စင်အပြီး ပိတ်သိမ်းခံရသည့် အေဂျင်စီများ ၁၀ ခုကျော်ခန့်ရှိကြောင်း သိရသည်။