ချင်းတောင်တန်းပေါ်နှင့် နာဂတောင်တန်းပေါ်ရှိ ဒေသအချို့တွင် ဒီဇင်ဘာလအတွင်း ရေခဲသည်အထိ အေးနေခဲ့

ချင်းတောင်တန်းပေါ်နှင့် နာဂတောင်တန်းပေါ်ရှိ ဒေသအချို့တွင် ဒီဇင်ဘာလအတွင်း ရေခဲသည်အထိ အေးနေခဲ့
Published 27 December 2017

နတ်မတောင်ပေါ်ရှိ ရေအိုင်တစ်ခုတွင် ရေခဲနေသည်ကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အရှင်မာဃဝ၊ မင်းတပ်)

ချင်းတောင်တန်းပေါ်နှင့် နာဂတောင်တန်းပေါ်ရှိ ဒေသအချို့တွင် ဒီဇင်ဘာလအတွင်း ရေခဲသည်အထိ အေးနေခဲ့သည်ဟု အဆိုပါဒေသများရှိ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့တွေ့ခဲ့တာ ဒီဇင်ဘာ ၂၅ ရက် နတ်မတောင်သွားတုန်းက ရေခဲနေတာ တွေ့ခဲ့တာ။ နတ်မတောင်သွားတော့ နံနက်ပိုင်း ခပ်စောစောလေးတွေ့တာ။ အပြန်ကျတော့ မခဲတော့ဘူး။ ကျွန်တော်တို့က မနက် ၆ နာရီလောက်ကသွားတာ။ နတ်မတောင် တောင်တက်လမ်း တစ်ဝက်မှာရှိတဲ့ ရေအိုင်လေးပါ။ ခြေကျင်သွားတာဆိုတော့ ပိုတွေ့ရတာပေါ့။ ဆိုင်ကယ်နဲ့သွားရင်လည်း တွေ့ရပါတယ်။ ကန်လေးတစ်ခုပဲ ရေတွေခဲနေတာ တွေ့ခဲ့ရတယ်” ဟု ဒီဇင်ဘာ ၂၅ ရက်တွင် နတ်မတောင်သို့ ခြေကျင်တက်ရောက်ခဲ့သူ ကိုကျော်စွာမင်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ချင်းပြည်နယ် ဟားခါးမြို့တွင် ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ -၁ ဒီဂရီစင်တီဂရိတ်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ၀ ဒီဂရီစင်တီ ဂရိတ်အထိ အေးခဲ့သည်ဟု ချင်းပြည်နယ် မိုးဇလဌာန၏ ပြောကြားချက်အရ သိရသည်။

“ဒီဇင်ဘာ ၁၉ ၊ ၂၀ လောက်က ထန်ပါခွေမြို့နယ်ထဲက မခွာလယ်ရွာမှာ ရေခဲနေတာ တွေ့ခဲ့ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်က ရေသိပ်မခဲတော့တာ။ ဒီဇင်ဘာလ အစောပိုင်းက ပိုခဲတယ်ပြောတယ်။ စာရာမေရိတောင်နဲ့ အဲဒီရွာနဲ့ သိပ်မဝေးတော့ဘူး။ အဲဒီနားလေးက မခွာလယ်ရွာတို့၊ မကျောင်းဝါရွာတို့က စာရာမေရိတောင်ကို လှမ်းမြင်ရတယ်။ အအေးဓာတ်က ထန်ပါခွေမှာ ပိုအေးလာတယ်။ နေ့ခင်းတော့ နေလို့ရပါတယ်။ ညနေ နေဝင်သွားရင် တော်တော်အေးလာတယ်။ မြို့ပေါ်မှာတော့ ရေခဲတာ မကြုံဖူးဘူး။ မကျောင်းဝါတို့ မခွာလယ်ရွာတို့မှာ ရေခဲတယ်။ မကျောင်းဝါရွာမှာဆိုရင် ရေပုံးထဲကရေတွေ ခဲသွားတယ်။ ကျွန်မတို့တော့ မမြင်ခဲ့ဘူး။ ကျွန်မတို့ မြင်ခဲ့တာက မြက်ခင်းတွေပေါ် ရေခဲနေတာပါ” ဟု ထန်ပါခွေမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent