လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း လုပ်ဆောင်ရန် ရှေ့နေချုပ်ရုံး သဘောထားမှတ်ချက် တောင်းခံပြီး အမြန်ဆုံး အကောင်အထည် ဖော်ဆောင်မည်

လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း လုပ်ဆောင်ရန် ရှေ့နေချုပ်ရုံး သဘောထားမှတ်ချက် တောင်းခံပြီး အမြန်ဆုံး အကောင်အထည် ဖော်ဆောင်မည်
Published 26 December 2017

လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ Consultant ငှားရမ်းကာ Expression of Interest (EOI) ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသားကျန်းမာရေးစီမံကိန်း လုပ်ငန်းစဉ်များ၊ မူဝါဒများ ဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရန် ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက် တောင်းခံပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လူမှုဖူလုံရေးအဖွဲ့သည် တစ်မျိုးသားလုံး အကျုံးဝင်သည့် လူမှုဖူလုံရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရေရှည်မျှော်မှန်းထားပြီး ဆောင်ရွက်နေကာ အဆိုပါ မျှော်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ရည် မှန်းချက်ငါးရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဦးသိန်းဆွေက ပြောကြားသည်။ လူမှုဖူလုံရေးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုးယုံကြည်မှုများ ရရှိစေရန် IT စနစ်ကို အခြေခံကာ Reform လေးခုဖြင့် ဆောင်ရွက်နေပြီး လူမှုဖူလုံရေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့ နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီ သုံးခုနှင့် ပြည်ပကုမ္ပဏီ လေးခုတို့မှ အဆိုပြုကမ်းလှမ်း တင်ပြထားကြောင်း ဦးသိန်းဆွေက ဆက်လက်ပြောကြားသည်။ အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုးယုံကြည်မှု ရရှိစေရေးအတွက် လူမှုဖူလုံရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရန် ကျန်းမာရေးဝန်ဆောင်မှုကို Provider Purchaser Split ဖြင့် ဆောင်ရွက်ရန်ကိစ္စအား စီးပွားရေးရာကော်မတီသို့ တင်ပြခဲ့ရာမူအားဖြင့် ကန့်ကွက်ရန် မရှိကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၇) မှ ဆုံးဖြတ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။