လှည်းကူးမြို့နယ်တွင် ကြက်များ တင်ဆောင်လာသည့် ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ

လှည်းကူးမြို့နယ်တွင် ကြက်များ တင်ဆောင်လာသည့် ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ
Published 26 December 2017

လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် ရန်ကုန်-ပဲခူးလမ်း ဘောလုံးကွင်း အရောက်တွင် တိမ်းမှောက်ခဲ့သည့် ဒိုင်နာယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့)

လှည်းကူးမြို့နယ်၌ ကြက်များ တင်ဆောင်လာသည့် ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လှည်းကူးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ကို နံနက် ၄ နာရီ ၁၀ မိနစ်လောက်က သတင်းဝင်လာပါတယ်။ လှည်းကူး အားကစားကွင်းရှေ့မှာ ကားတစ်စီး မှောက်လို့ဆိုပြီး အရေးပေါ် ထွက်ပေးပါဆိုလို့ လှည်းကူးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နဲ့ လှည်းကူးမြို့ပေါ်မှာရှိတဲ့ ကရုဏာရှင် ပရဟိတအသင်းနဲ့ ပူးပေါင်းပြီးတော့ လှည်းကူးမြို့နယ် မီးသတ်နဲ့ ပူးပေါင်းပြီး အခင်းဖြစ်ပွားရာ နေရာကို သွားရောက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာမှာ လူနာ ခြောက်ယောက်ကို ဆေးရုံပို့ပါတယ်။ ခြောက်ယောက်မှာ လေးယောက်က တော်တော်လေး ဒဏ်ရာကြီးပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဘာမှ သိပ်မဖြစ်ပါဘူး။ နောက်နှစ်ယောက်ကတော့ အခင်းဖြစ်ပွားရာ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ အားလုံး ကားပေါ်မှာ ရှစ်ယောက်ပါတယ်။ ကားက ခန့်မှန်းအရ ဆိုရင်တော့ ကားမောင်းတဲ့သူ အိပ်ငိုက်တယ်လို့ ယူဆလို့ရသလို ဘေးပတ်ဝန်းကျင်က ပြောတာကတော့ ဘုရားဖူးကားတစ်စီးကို ကျော်လိုက်တဲ့အခါမှာ အိပ်ငိုက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်တာလို့ သတင်းတွေတော့ ရရှိထားပါတယ်” ဟု ဖြစ်စဉ်အား သွားရောက်ကူညီခဲ့သူ လှည်းကူးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ အရာခံဗိုလ်ရဲကျော်အောင်က ပြောကြားသည်။

ပဲခူးမှ ရန်ကုန်သို့ ကြက်များ တင်ဆောင်၍ မောင်းနှင်လာသည့် ဒိုင်နာအဖြူရောင်ယာဉ်သည် လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် ရန်ကုန်-ပဲခူးလမ်း ဘောလုံးကွင်းအရောက်၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တမ်းမှောက်မှုမှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်၍ လမ်းလယ်ကျွန်းအား ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယဉ်ပေါ်ရှိ ယာဉ်မောင်း အပါအဝင် ရှစ်ဦးအနက် နှစ်ဦး သေဆုံးပြီး၊ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူများကို လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့၊ လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုနှင့် မြို့နယ်ပရဟိတအဖွဲ့များက လှည်းကူးဆေးရုံသို့ ပိုဆောင်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဦး .... အား လှည်းကူးမြို့မရဲစခန်းက ယာဉ် (ပ) ၁၀၀/၂၀၁၇၊ ပုဒ်မ ၃၀၄ (က) ၃၃၇၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent