FDA ရှိ အစားအသောက် အဏုဇီဝဓာတ်ခွဲခန်းနှင့် အစားအသောက် ဓာတုဓာတ်ခွဲခန်းများကို နိုင်ငံတကာအသိအမှတ်ပြု ISO ရရှိရန် လုပ်ဆောင်နေ

FDA ရှိ အစားအသောက် အဏုဇီဝဓာတ်ခွဲခန်းနှင့် အစားအသောက် ဓာတုဓာတ်ခွဲခန်းများကို နိုင်ငံတကာအသိအမှတ်ပြု ISO ရရှိရန် လုပ်ဆောင်နေ
Published 26 December 2017

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအောက်ရှိ အစားအသောက် အဏုဇီဝဓာတ်ခွဲခန်းနှင့် အစားအသောက် ဓာတုဓာတ်ခွဲခန်းများကို နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Certificate ရရှိရန် လုပ်ဆောင်နေကြောင်း သိရသည်။

နေပြည်တော်နှင့် ရန်ကုန်ရှိ အစားအသောက် အဏုဇီဝဓာတ်ခွဲခန်းကို နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 ရရှိရန် UNIDO နှင့် GIZ တို့၏ အထောက်အပံ့ဖြင့် ၂၀၁၆ ခုနှစ် မတ်လမှစ၍ လုပ်ဆောင်လျက်ရှိကြောင်း၊ UNIDO နှင့် GIZ အဖွဲ့အစည်းများမှ ပညာရှင်များ လာရောက်၍ သင်တန်းများ ပို့ချခဲ့ပြီးဖြစ်ရာ ယခုနှစ်အတွင်း ရယူနိုင်ရန် မျှော်မှန်းထားကြောင်း၊ နေပြည်တော်ရှိ အစားအသောက် ဓာတုဓာတ်ခွဲခန်းကိုလည်း ရေဓာတ်ခွဲ စစ်ဆေးခြင်းတွင် ISO 17025 ရရှိရန် GIZ က ပံ့ပိုးပေးလျက်ရှိပြီး လာမည့် ၂၀၁၈ ခုနှစ်အတွင်း ရယူနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစားအသောက် စစ်ဆေးနိုင်သော ဓာတ်ခွဲခန်းများမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နေပြည်တော်ရှိ ဓာတ်ခွဲခန်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရှိ ဓာတ်ခွဲခန်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မန္တလေးရှိ ဓာတ်ခွဲခန်းများ၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနရှိ ဓာတ်ခွဲခန်းများ၊ တက္ကသိုလ်များ သိပ္ပံသုတေသနဌာနရှိ ဓာတ်ခွဲခန်းများ၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနရှိ ဓာတ်ခွဲခန်းများ၊ ငါးလုပ်ငန်းဦးစီးဌာနရှိ ဓာတ်ခွဲခန်းများ၊ မွေးမြူရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ဓာတ်ခွဲခန်းများ၊ ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများ၊ သီးနှံကာကွယ်ရေး ဌာနခွဲရှိ ဓာတ်ခွဲခန်းများ၊ စိုက်ပျိုးသီးနှံထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဌာနစုရှိ ဓာတ်ခွဲခန်းများ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနရှိ ဓာတ်ခွဲခန်းများ၊ စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးရေး အထောက်အကူပြု ဓာတ်ခွဲခန်းများ၊ မြန်မာ့ကုန်ပစ္စည်းများ စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းရှိ ဓာတ်ခွဲခန်းများ၊ စည်ပင်သာယာရေးကော်မတီရှိ ဓာတ်ခွဲခန်းများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ဓာတ်ခွဲခန်းများ၊ မြန်မာ့သြဘာ စိုက်ပျိုးရေးဓာတ်ခွဲခန်းများတွင် စစ်ဆေးနိုင်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး PTB ၊ UNIDO နှင့် GIZ များကလည်း ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent