အနည်းဆုံး အခကြေးငွေကို ဒီဇင်ဘာလကုန်တွင် ထုတ်ပြန် ကြေညာပေးမည်ဟု ဆို

အနည်းဆုံး အခကြေးငွေကို ဒီဇင်ဘာလကုန်တွင် ထုတ်ပြန် ကြေညာပေးမည်ဟု ဆို
Published 26 December 2017

အနည်းဆုံးလုပ်ခ တစ်ရက်လျှင် ကျပ် ၅၆၀၀ သတ်မှတ်ပေးရန် အလုပ်သမားများက နိုဝင်ဘာလအတွင်းက ဆန္ဒထုတ်ဖော် တောင်းဆိုစဉ် (ဓာတ်ပုံ- ကြည်နိုင်)

အလုပ်ရှင်နှင့် အလုပ်သမားများ အငြင်းပွားနေသည့် အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်၍ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်ကြေညာမည်ဟု မျှော်မှန်းထားကြောင်း အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင် ကိုနန္ဒာစစ်အောင်က ဒီဇင်ဘာ ၂၅ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“မနေ့က အလုပ်ရုံဆွေးနွေးပွဲမှာ လုပ်ငန်းရှင်တွေရော၊ အလုပ်သမား ကိုယ်စားလှယ်တွေရော၊ ဝန်ကြီးဌာနဘက်ကရော တွေ့ဆုံဆွေးနွေးကြတယ်။ ဒီဇင်ဘာလကုန်လောက်မှာ အနည်းဆုံး အခကြေးငွေနဲ့ပတ်သက်ပြီး အဆိုပြုနှုန်းထား တစ်ခု ထွက်လာအောင် ကြိုးစားပေးမယ်လို့တော့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ ပြောသွားတယ်။ အဲဒီအချိန်လောက်မှာ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်ပြီး နှုန်းထားတစ်ခု ထွက်လာဖို့ မျှော်မှန်းထားပါတယ်”ဟု အနည်းဆုံး အခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်က အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ပေးရေးအတွက် ရန်ကုန်မြို့ ချက်ထရီယန်ဟိုတယ်၌ အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်နှင့် အခြားအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်၍ မျှတသည့်နှုန်းထားတစ်ခု ပေါ်လာရန်လိုအပ်ပြီး လုပ်ငန်းရှင်များ၏ အကျိုးအမြတ်ကို ကြည့်၍ သင့်တင့်သည့်နှုန်းထားကို သတ်မှတ်ရန် လိုအပ်ကြောင်း ကိုနန္ဒာစစ်အောင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent