ဒေါ်ခင်ကြည်ဆေးရုံ၌ ကလေးမွေးဖွားမှုနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး အတွင်းလူနာ ၄၀ အထိ လက်ခံကုသမည်

ဒေါ်ခင်ကြည်ဆေးရုံ၌ ကလေးမွေးဖွားမှုနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး အတွင်းလူနာ ၄၀ အထိ လက်ခံကုသမည်
Published 26 December 2017

ပြုပြင်မွမ်းမံထားသည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံတွင် တာဝန်ထမ်းဆောင်မည့် သူနာပြုအချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို (၂) ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း ဗဟန်းအမျိုးသမီးဆေးရုံဝင်းအတွင်းရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံတွင် အမျိုးသမီးများ ကလေးမွေးဖွားမှုနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများကို လုပ်ဆောင်မည်ဖြစ်ပြီး အတွင်းလူနာ ၄၀ ဦးအထိ လက်ခံကုသနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော်က ပြောကြားသည်။

ယခင်က အဆိုပါဆေးရုံကို တာဝါလိန်းဆေးရုံ ဗဟန်းအမျိုးသမီးဆေးရုံအဖြစ် လူသိများပြီး ဆေးရုံ၏ ဖွဲ့စည်းပုံအရ တစ်ပတ်လျှင် နှစ်ရက်ခန့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ မွေးဖွားမှုတွင် ရိုးရိုးမွေးဖွားမှုသာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများကို ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူစေခဲ့ကြောင်း၊ လူနာများကို အပြီးသတ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးနိုင်ခြင်း မရှိသဖြင့် ဆေးရုံအပေါ် လူနာများ၏ ယုံကြည်အားကိုးမှု နည်းပါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ဆေးရုံမှာက ရိုးရိုးမွေးဖွားမှုပဲ လုပ်နိုင်ခဲ့တယ်။ အခုဆိုရင် အကြီးစားပြင်ဆင်ပြီး အဆင့်မြှင့်တင်ထားတဲ့အတွက် ရိုးရိုးမွေးလူနာ အပါအဝင် လေစုပ်မွေးဖို့လိုတဲ့ လူနာတွေ၊ ခွဲစိတ်မွေးဖွားဖို့လိုတဲ့ လူနာတွေကိုလည်း အပြီးသတ် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်တော့မှာပါ။ အခုဆိုရင် သားဖွားမီးယပ် ဆရာဝန်တွေအပြင် မေ့ဆေးအထူးကု ဆရာဝန်ပါ ခန့်အပ်ထားပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကိုလည်း တပ်ဆင်ထားပြီး ဖြစ်တဲ့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်ပြည့်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အခုက ခုတင် ၄၀ ဆံ့ ဖြစ်တဲ့အတွက် အတွင်းလူနာ ၄၀ အထိ လက်ခံကုသနိုင်မှာ ဖြစ်သလို နောက်ပိုင်းကျရင် လူနာဆောင်တွေ ဆက်ပြီး တိုးချဲ့သွားဖို့ အစီအစဉ်တွေလည်း ရှိတယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသင်းယုဇော်က ပြောကြားသည်။

ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံသည် ယခင်က မီဝပ်ဂျီကိုဝါ (စ်) ဂျီ ခန်းမ အမည်ဖြင့် ၁၉၃၃ ခုနှစ် သြဂုတ် ၂၂ ရက်တွင် တည်ဆောက်ခဲ့ပြီး ၁၉၃၄ ခုနှစ် စက်တင်ဘာ ၁ ရက် တွင် အသုံးပြုခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် အမျိုးသမီးနှင့် ကလေးများစောင့်ရှောက်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝါလိန်း အမျိုးသမီးဆေးရုံဟု အမည်ပြောင်းလဲခဲ့ကြောင်း သိရသည်။

ထိုအချိန်က ဒေါ်ခင်ကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် တာဝန်ယူ စောင့်ရှောက်ခဲ့ရာမှ ၁၉၄၉ ခုနှစ်တွင် လူမှုဝန်ထမ်းဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်သို့ ထားရှိခဲ့ကာ နိုင်ငံတော်ဘဏ္ဍာဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဒေါ်ခင်ကြည် လက်ထက်တွင် လူထု၏ အားထားမှုရရှိခဲ့သော သားဖွားဆေးရုံဖြစ်ခဲ့ကြောင်း၊ ယခုအခါ ဆေးရုံပြုပြင်မှု လုပ်ငန်းများပြီးစီးပြီ ဖြစ်သည့်အတွက် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအဖြစ် ပြန်လည်ဖွင့်လှစ်ကာ ကိုယ်ဝန်ဆောင်နှင့် သားဖွားလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရိုးရိုးမွေးဖွားခြင်း၊ လေစုပ်မွေးဖွားခြင်း၊ ခွဲစိတ်မွေးဖွားခြင်း၊ သားဆက်ခြားခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်မည် ဖြစ်ကြောင်း၊ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်းနှင့် ဆေးပစ္စည်းကိရိယာများ ဖြည့်ဆည်းခြင်းတို့အတွက် အမေရိကန်ဒေါ်လာနှစ်သန်း ကုန်ကျခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent