မန္တလေးမြို့အတွင်း ဆိုင်ကယ်များ တစ်ကိုယ်တော် လှည့်လည်ခိုးယူသူ အမျိုးသားအား ဆိုင်ကယ်၂၄ စီးနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးမြို့အတွင်း ဆိုင်ကယ်များ တစ်ကိုယ်တော် လှည့်လည်ခိုးယူသူ အမျိုးသားအား ဆိုင်ကယ်၂၄ စီးနှင့်အတူ ဖမ်းဆီးရမိ
Published 26 December 2017

ခိုးယူခြင်းခံရသည့် ဆိုင်ကယ်များအား ပြန်လည် သိမ်းဆည်းရမိထားသည်ကို တွေ့ရစဉ်

မန္တလေးမြို့တွင်းရှိ ဆိုင်ကယ်များကို တစ်ဦးတည်း လှည့်လည်ခိုးယူထားသူ အမျိုးသားကို ဆိုင်ကယ် ၂၄ စီးနှင့်အတူ ဒီဇင်ဘာ ၂၀ ရက်က ဖမ်းဆီးထားမိကြောင်း ချမ်းအေးသာစံမြို့မရဲစခန်း အမှတ် (၈) မှ သတင်းရရှိသည်။

မန္တလေးမြို့တွင်း၌ ဆိုင်ကယ် ခိုးယူခံရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ပျောက်ဆုံးသည့် အမျိုးအစားများလည်း တန်ဖိုးကြီး ထိုင်းဘီးအများစုများ ဖြစ်နေသဖြင့် အမှတ် (၈) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းနေစဉ် အမျိုးသားတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်ပျောက်ဆုံးထားသူ တစ်ဦးက သူ့ဆိုင်ကယ်ကို မန္တလေးဆေးရုံကြီးက ဆိုင်ကယ်အပ်နှံတဲ့ နေရာမှာ တွေ့ခဲ့တယ်ဆိုပြီး အကြောင်းကြားတာနဲ့ အဲဒီဆိုင်ကယ် လာရွေးမယ့်အချိန်ကို စောင့်နေခဲ့တာ။ လေးငါးရက်ကြာမှ ဆိုင်ကယ်ကို လာရွေးလို့ သူ့ကို စစ်ဆေးလိုက်တဲ့ခါ အိတ်ထဲမှာ သော့တုတွေနဲ့အတူ ဂွတွေရော တွေ့ခဲ့ရတယ်။ စစ်ဆေးချက်အရ အိမ်မှာ ၁၀ စီး သိမ်းဆည်းရမိခဲ့ပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံတို့၊ ဆေးရုံကြီးတို့၊ သင်ကြားရေးဆေးရုံတို့ စတဲ့ ဆိုင်ကယ် အပ်နှံတဲ့နေရာတွေမှာ လိုက်လံ သိမ်းဆည်းခဲ့ပါတယ်။ စုစုပေါင်း ၂၄ စီး သိမ်းဆည်းရမိခဲ့ပါတယ်။ ဘီးတွေက သိန်း ၂၀ အထက် တန်ဖိုးရှိတဲ့ ထိုင်းဘီးနဲ့ ဂျပန်ဘီးတွေချည်းပါ။ တစ်ဦးတည်း ခိုးယူခဲ့တာတွေ ဖြစ်ပါတယ်”ဟု အမှတ်(၈)ရဲစခန်းမှ ရဲအုပ်ကျော်သူရထွန်းက ပြောကြားသည်။

Honda Schoopy ၁၃ စီး၊ Honda Click ခြောက်စီး၊ CBR တစ်စီး၊ KTM နှစ်စီး၊ DT နှစ်စီး စုစုပေါင်း ၂၄ စီးကို ၎င်း၏ နေအိမ်နှင့်ဆေးရုံ ဆိုင်ကယ်အပ်နှံသည့် နေရာအသီးသီးတွင် ပြန်လည်သိမ်းယူထားပြီး ကျူးလွန်သူ နေသူရိန်(ခ) သူရိန် (၁၉ နှစ်) ကို ခိုးယူခဲ့သည့်မြို့နယ် နေရာအလိုက် သက်ဆိုင်ရာရဲစခန်းများတွင် ပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့ကြောင့် ဆိုင်ကယ်ပျောက်ဆုံးသူများအနေဖြင့် ဆိုင်ကယ်နှင့် သက်ဆိုင်သည့် အထောက်အထားများ ယူဆောင်လာကာ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြားရှိ အမှတ် (၈) ရဲစခန်းတွင် လာရောက်တိုက်ဆိုင် စစ်ဆေးကြည့်ရှုနိုင်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသလို ဖမ်းဆီးရမိမှုများလည်းရှိပြီး ဆိုင်ကယ်ခိုးယူသူများမှာ လူငယ်အများစုမှ ကျူးလွန်လေ့ရှိကြောင်း၊ ထိုင်းဘီးဆိုင်ကယ် အသစ်တစ်စီးလျှင် ကျပ်သိန်း ၂၀ အထက် တန်ဖိုးရှိရာ လိုင်စင်မဲ့ အသွင်ပြောင်းကာ နယ်မြို့များတွင် ကျပ် ၁၀ သိန်းဝန်းကျင်ခန့်ဖြင့် ပြန်လည်ရောင်းချလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent