စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အာဆီယံ စားသုံးသူ အကာအကွယ်ပေးရေးကော်မတီ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အာဆီယံ စားသုံးသူ အကာအကွယ်ပေးရေးကော်မတီ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
Published 26 December 2017

မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အာဆီယံ စားသုံးသူ အကာအကွယ်ပေးရေးကော်မတီ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိရာ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍတို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ခေတ်နှင့်အညီဖြစ်စေရေးအတွက် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း လူသုံးအိမ်သုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး၊ နစ်နာဆုံးရှုံးမှုများကို ကုစားဖြေရှင်းပေးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ (၂၀၁၄) ပါပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံရှိ ၅၁ သန်းကျော်သော ပြည်သူများ ကျန်းမာဝပြောသည့် လူ့ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စားသုံးသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ နစ်နာမှုများကို အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရေးအတွက် လည်းကောင်း၊ စားသုံးသူများ မိမိတို့၏ နစ်နာဆုံးရှုံးမှုများကို အလွယ်တကူ တိုင်ကြားနိုင်ရေးအတွက် လည်းကောင်း၊ စားသုံးသူများ ယုံကြည်အားကိုးမှုများ မြင့်မားလာစေရေးအတွက် လည်းကောင်း စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center (CICC) ရုံးများကို စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်၊ ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အရည်အသွေးစံနှုန်း သတ်မှတ်ချက်များ ကိုက်ညီရန်နှင့် စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရန် တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရိုင် ၄၈ ခရိုင်တွင် ဖွင့်လှစ်၍ စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးလျက်ရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံ ဆောင်ရွက်နိုင်ရေးအတွက် တိုးချဲ့ဖွင့်လှစ်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းအချို့က အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိသော်လည်း အများပြည်သူအကြားတွင် အဆိုပါလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သိရှိမှုအားနည်းသေးကြောင်း သိရသည်။

Most Read

Most Recent