<

ပခုက္ကူ ကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၁၀၀ ပေါက်ဈေး ရှိသော်လည်း တောင်သူများထံ ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် ကုန်ဝင်ရောက်မှု လျော့နည်းလာ

ပခုက္ကူ မိုးကြက်သွန်တန်းတွင် ရောင်းဝယ်ရေး ပြုလုပ်ရန် ကြက်သွန်များ ခင်းကျင်းထားစဉ်

ပခုက္ကူ ကြက်သွန်ဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၁၀၀ ပေါက်ဈေး ရှိသော်လည်း တောင်သူများထံ ကုန်လက်ကျန် နည်းပါးသွားသည့်အတွက် ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် ကုန်ဝင်ရောက်မှု သိသာစွာ လျော့နည်းလာကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းတွင် ၀ယ်လက်များပြားသည့်အတွက် ကြက်သွန်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် လာရောက် ရောင်းချသူများပြားကာ နေ့စဉ် ပိဿာချိန် တစ်သိန်းခန့် ၀င်ရောက်ပြီး ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် တစ်နေ့လျှင် ပိဿာချိန် ငါးသောင်းအောက်သာ ၀င်ရောက်တော့ကြောင်း သိရသည်။

ပခုက္ကူဈေးကွက်သို့ ဒီဇင်ဘာ ၂၄ ရက်တွင် ပိဿာချိန် နှစ်သောင်းကျော်သာ ၀င်ရောက်လာပြီး ကြက်သွန်ဂျွန်ကြီး တစ်ပိဿာ ကျပ် ၂၀၅၀- ၂၁၀၀၊ ဂျွန်လတ် တစ်ပိဿာ ကျပ် ၂၀၀၀ -၁၉၀၀ နှင့် ဂျွန်သေး တစ်ပိဿာ ကျပ် ၁၆၀၀- ၁၇၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

“ကြက်သွန်အ၀င်တော့ အတော်နည်းသွားတယ်။ အရင်ရက်ကလည်း ဈေးကောင်းတော့ ဖော်ရောင်းကြတဲ့သူ များတယ်။ ဒီနေ့ဆိုရင် အတော်ကို နည်းသွားတယ်။ မျိုးစရိတ်ကြီးတာရော မနှစ်ကလည်း ဈေးသိပ်မကောင်းတာရောကြောင့် ဒီနှစ် စိုက်သူ နည်းတယ်။ အထွက်နှုန်းလည်း လျော့သွားတာပေါ့။ မနှစ်ကတော့ ဒီလိုအချိန် ကုန်အ၀င်များတုန်းပဲ။ ၀ယ်လက်ကတော့ နယ်စုံရှိပါတယ်။ မြ၀တီဝယ်လက် တစ်ခုပဲ အေးတယ်”ဟု ပခုက္ကူမြို့ မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကျော်သန်းက ပြောကြားသည်။

ယခင်နှစ်များ၌ မိုးကြက်သွန်နီမှာ ကုန်ဝင်ရောက်မှု များပြားပါက ဈေးနှုန်းပြန်လည် ကျဆင်းလေ့ရှိပြီး ယခုနှစ်တွင် ပိဿာချိန် တစ်သိန်းနီးပါး ၀င်ရောက်သည့်နေ့များတွင် ၀ယ်လက်များနေသည့်အတွက် ဈေးနှုန်းအမြင့်ဖြင့် ဆက်လက် ရောင်းဝယ်ကြောင်း သိရသည်။

“ရာသီအစကတည်းက ဈေးကောင်းတော့ ကျွန်တော်တို့ တောင်သူတွေလည်း ရောင်းကြတယ်။ နှစ်တိုင်း အစပိုင်းကောင်း နောက်ပိုင်း ကုန်ဝင်များရင် ဈေးကကျတက်တော့ ဒီနှစ်ဈေးကောင်းတာနဲ့ ကုန်သိပ်မထိန်းတော့ပဲ မြန်မြန်ရောင်းကြတာ။ နောက်တစ်ခုက ဒီနှစ် ကျွန်တော်တို့ဆီမှာ ကမ်းတအားပြိုတော့ စိုက်ပျိုးမြေတွေ ဆုံးရှုံးတယ်။ အိမ်ပြောင်းရတဲ့သူတွေကလည်း အတွင်းပိုင်းက ယာတွေဆီ နေကြတယ်။ အဲဒီတော့ စိုက်ဧက လျော့သွားပြီး အထွက်လည်း ကျသွားတယ်” ဟု ရေစကြိုမြို့နယ် ကျော်ထင်ကုန်းရွာမှ ကိုညီက ပြောကြားသည်။

ဈေးကွက်အတွင်း ၀င်ရောက်ရောင်းချနေသည့် မိုးကြက်သွန်နီမှာ မြစ်ရေ၀င် ကျွန်းမြေများတွင် စိုက်ပျိုးသည့် ဥစိုက်အမျိုးအစား ဖြစ်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်စရိတ် တစ်ပိဿာ ကျပ် ၇၀၀ ခန့်ကုန်ကျပြီး ယခုနှစ် ဈေးကွက်အရ တောင်သူများ အကျိုးအမြတ်ရှိကြောင်း သိရသည်။

ပခုက္ကူ ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီ အဓိကထွက်ရှိရာ ယောချောင်းတွင်လည်း ချောင်းရေနည်းပါးသွားပြီ ဖြစ်သည့်အတွက် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တောင်သူများ ကြက်သွန်စိုက်ပျိုးရန် မြေညှိခြင်းလုပ်ငန်းများ စတင်နေဖြစ်ကြောင်း သိရသည်။

December 26, 2017














Copy Protected by Chetan's WP-Copyprotect.