တစ်နှစ်ကျော်ကြာ တရားရင်ဆိုင် ပိတ်သိမ်းခံခဲ့ရသည့် တော်ဝင်နှင်းဆီဆေးရုံ ပြန်လည်ဖွင့်လှစ်

တစ်နှစ်ကျော်ကြာ တရားရင်ဆိုင် ပိတ်သိမ်းခံခဲ့ရသည့် တော်ဝင်နှင်းဆီဆေးရုံ ပြန်လည်ဖွင့်လှစ်
Published 25 December 2017

တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ပိတ်သိမ်းခံခဲ့ရသည့် တော်ဝင်နှင်းဆီဆေးရုံ ပြန်လည်ဖွင့်လှစ်ပွဲ မြင်ကွင်း

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၇၊ ၇ဂ ကြား၊ ၃၁၊ ၃၂ ကြား တော်ဝင်နှင်းဆီ ဆေးရုံတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီမှ ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘုရား အနေကဇာတင် အလှူတော် မင်္ဂလာပွဲပါ။ ကျွန်တော်တို့ ဆေးရုံကြီးက အလွှာခုနစ်လွှာရှိပါတယ်။ ခုနစ်လွှာမှာတော့ ဓာတ်ခွဲခန်းပါ။ ခြောက်လွှာကနေ နှစ်လွှာအထိက လူနာခန်းပါ။ နှစ်လွှာခန်းမှာ ကျောက်ကပ်သန့်စင်ခန်းနဲ့ မြေညီထပ်မှာတော့ ဆရာဝန်၊ သူနာပြု၊ ပြန်ကြားရေးခန်း၊ အရေးပေါ်လူနာဌာန၊ ဆေးကောင်တာ၊ ဓာတ်မှန်ခန်း၊ ကျောက်ခြေစက်တို့ရှိပါတယ်” ဟု တော်ဝင်နှင်းဆီဆေးရုံမှ ဒါရိုက်တာအဖွဲ့ဝင် ဦးဗိုလ်မောင်က ပြောကြားသည်။

အဆိုပါ အလှူတော်မင်္ဂလာပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီမှ စတင်ကာ ၁၁ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ပြီး မန္တလေးမြို့မှ မြို့မိ၊ မြို့ဖများနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်အတွင်းက တော်ဝင်နှင်းဆီ ဆေးရုံ တတိယအလွှာတွင် Health News အထူးကုဆေးခန်းအမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမဝင်ဆေးကုသခြင်း၊ ညစ်ညမ်းဓာတ်ပုံ၊ ညစ်ညမ်းစာများဖြန့်ဝေနေကြောင်း ဆေးရုံပိုင်ရှင်ကို တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။

အမှုအတွက် လိုအပ်သည့်သက်သေများကို ရုံးချိန်းအသီးသီးတွင် စစ်ဆေးပြီးနောက် ဇွန် ၇ ရက်က အမှုကို မှားယွင်းမှုအဖြစ် သတ်မှတ်ကာ ကွင်းလုံးကျွတ်လွတ်မြောက်စေရန် တရားရုံးက အမိန့်ချခဲ့သည်။

ထို့ပြင် စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုကြောင့် တော်ဝင်နှင်းဆီဆေးရုံကို စည်ပင်မှ သိမ်းယူခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချခဲ့ပြီးနောက် ဆေးရုံကိုပြန်လည် လွှဲအပ်ခဲ့ပြီးနောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent