လာမည့်နှစ်မှစ၍ နွေစပါး အများဆုံးစိုက်ပျိုးနေသည့် ရွှေဘိုခရိုင်အတွင်းရှိ ဆည်မြောင်း၊ တာတမံများအားလုံးကို ကျပ်ဘီလျံ ၂၇၀ အသုံးပြု၍ အဆင့်မြှင့်တင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

လာမည့်နှစ်မှစ၍ နွေစပါး အများဆုံးစိုက်ပျိုးနေသည့် ရွှေဘိုခရိုင်အတွင်းရှိ ဆည်မြောင်း၊ တာတမံများအားလုံးကို ကျပ်ဘီလျံ ၂၇၀ အသုံးပြု၍ အဆင့်မြှင့်တင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 25 December 2017

ကျပ်ဘီလျံ ၂၇၀ အသုံးပြု၍လာမည့် နှစ်မှစတင်ကာ နွေစပါးကို အဓိကစိုက်ပျိုးနေသော ဒေသတစ်ခုဖြစ်သည့် ရွှေဘိုခရိုင်အတွင်းရှိ ဆည်မြောင်း၊ တာတမံများအားလုံးကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

“ဆည်မြောင်းအနေနဲ့တော့ ရှိပြီးသားဟာတွေကိုလုပ်ဖို့ဆိုတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဒီထဲမှာ မနေ့ကစီးပွားရေးကော်မတီအစည်းအဝေးမှာ ထက်ပြီးတော့ အရှိန်အဟုန်မြှင့်ဖို့ ဆောင်ရွက်တာက JICA ကလည်း လေ့လာပြီးသားဖြစ်တဲ့ သဖန်းဆိပ်နယ်မြေဖြစ်တဲ့ ရွှေဘိုခရိုင်ပဲဖြစ်ပါတယ်။ အဲ့ဒါမနေ့က  စီးပွားရေးကော်မတီရဲ့ ခွင့်ပြုမိန့်နဲ့ ၂၇၀ ဘီလျံနဲ့ အကုန်လုံးကို အဆင့်မြင့်တင်တဲ့ လုပ်ငန်းလုပ်တော့မှာပါ။ ဒါကြောင့်မို့ မျှော်မှန်းတဲ့ ၂၀၂၀ မဟုတ်ပါဘူး။ ရှေ့နှစ်ကိုလုပ်ငန်းလုပ်တော့မှာပါ”  ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

မြန်မာနိုင်ငံမှ အဓိကစိုက်ပျိုးထုတ်ကုန်တစ်မျိုးဖြစ်သည့် ပြည်ပဈေးကွက်ဝင် ပဲအမျိုးအစားများကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်သြဂုတ်လအတွင်းက မြန်မာနိုင်ငံဘက်မှ တင်သွင်းနေသည့် ပဲများ နှင့် ပတ်သက်ပြီး ကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ယခုနွေရာသီ နှင့် လာမည့်နှစ်များတွင် ပဲအစားအခြား အစားထိုးသီးနှံများကို ပြောင်းလဲစိုက်ပျိုးရန်မှာလည်း လိုအပ်နေကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲစိုက်ပျိုးရန် ရေသွင်းစိုက်ပျိုးရမည့်အစား ထိုးသီးနှံများအတွက် ရေရရှိရေးနှင့် ဆည်ရေ ပေးဝေရေးတို့ကောင်းမွန်ရန် အလွန်အရေးကြီးကြောင်း သိရသည်။

“ဒီနှစ်ဆိုပဲပြဿနာဖြစ်လို့ ဆက်လုပ်စရာ တစ်ပုံကြီးကျန်ပါသေးတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်မြောင်းတာတမံများအတွက် ရေနုပ်မြောင်းများ ပြုပြင်ထိန်းသိမ်းခြင်းကိုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က တိုင်းနဲ့ပြည်နယ် ငါးခုလောက် လှည့်တဲ့အခါမှာ အရင်ကရေကြီးတယ်။ အခုရေမကြီးတော့ဘူး။ သုံးနေရာလောက် ရပါတယ်။ ဘာမှလုပ်ခဲ့တာ မဟုတ်ပါဘူး။ ရေနုတ်မြောင်းတွေ ပြင်ဖို့လုပ်ခဲ့ပါတယ်” ဟု ဒေါက်တာ အောင်သူက ဆိုသည်။

အဆိုပါ ဆည်မြောင်း၊ တာတမံများ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် မိုးစပါးနှင့် နွေစပါးကို အဓိကစိုက်ပျိုးသည့် ခရိုင်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent