ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူး ဓမ္မသဘင်အပြင် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်း၊ သံဃာအပါးတစ်သိန်းကျော်အား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်မည်

ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူး ဓမ္မသဘင်အပြင် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်း၊ သံဃာအပါးတစ်သိန်းကျော်အား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်မည်
Published 25 December 2017

ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးဓမ္မသဘင်အပြင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ဆွမ်းလောင်းလှူခြင်းများအတွက် ပြင်ဆင်ထားစဉ်

ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူး ဓမ္မသဘင်အပြင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ သံဃာအပါးတစ်သိန်းကျော်တို့အား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ညနေ ၅ နာရီမှာ တရားပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး အန္တရာယ်ကင်းပရိတ်နာဖို့အတွက် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌကြီးမှူးတဲ့၊ တိုင်းဒေသကြီး သံဃနာယကက ကြီးမှူးတဲ့ သံဃာ ၄၅ ပါး အန္တရာယ်ကင်း ပရိတ်လည်း ရွတ်ဖတ်မှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ ရွှေတိဂုံ၊ ဓမ္မဘိသေကအနေကဇာတင် မဟာအလှူတော်ကြီး သံဃာအပါး ၁၈၀၀၀ အပြင်ကို ပြည်သူ့ရင်ပြင်မှာ သံဃာတစ်သိန်းအတွက် ဆွမ်းလောင်းဖို့ အစီအစဉ်ရှိတယ်” ဟု နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်အဖွင့်အဖြစ် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ(သ.စ.အ) ဓမ္မာ စရိယ၊ ပါဠိပါရဂူ၊ ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်က ဟောကြားပေးသွားမည်ဖြစ်သည်။

၂၀၁၈ခုနှစ် ဇန်နဝါရီ ၂ ရက် ဓမ္မသဘင် ဒုတိယနေ့အဖြစ် ဒေါက်တာ အရှင်ဉာဏိဿရ၊ သီတဂူဆရာတော် (Ph.D,D.Litt) အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိက ဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အရှင်ဆန္ဒာဓိက ရွှေပါရမီတောရဆရာတော်၊ သာသနဓဇ ဓမ္မာစရိယ၊ ဓမ္မာကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇက ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘဏ္ဍာရေးကတော့ ပွဲနှစ်ပွဲက တိုက်တာ မှန်ပါတယ်။ဘုရားပွဲနဲ့ တရားပွဲ။ မနက်ဆို ဘုရားပွဲရှိတယ်။ ညဆို တရားပွဲရှိတယ်။တရားပွဲကလည်း မနှစ်က ဒီဇင်ဘာ ၂၂ ရက် မှ စရတာ။ တစ်လကြိုပြီးတော့ စရတာဖြစ်တဲ့အတွက် အခုကိုပဲ သိန်းပေါင်း ၆၃၀ အလှူငွေ ရနေပါပြီ။ မနှစ်က ကုန်ကျစရိတ်ကို ပြန်ကြည့်တဲ့အခါမှာ ဓမ္မသဘင်ဖြစ်မြောက်ရေး အတွက် သိန်းပေါင်း ၁၂၀၀ လိုအပ်တာကို တွေ့ရပါတယ်” ဟု ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်သစ်ကူး တရားအလှူတော်၊ ဓမ္မသဘင်တွင်ဆရာတော်ကြီး ငါးပါးဖြင့် ငါးရက်တိုင်တိုင် ကျင်းပခဲ့ပြီး တရားနာပရိသတ်ပေါင်း တစ်သိန်းကျော်ခန့်အထိ နာကြားခဲ့ကြကြောင်း သိရသည်။

“ရန်ကုန်တိုင်းက မတည်တဲ့အလှူငွေ မရှိပါဘူး။ ရန်ကုန်တိုင်းက ကြီးမှူးကျင်းပတာတော့ ရှိတယ်။ ဖြစ်မြောက်ရေးကော်မတီနဲ့ တိုင်းသာသနာရေးအဖွဲ့တို့က စုပေါင်းပြီးတော့ အလှူငွေကောက်ခံခြင်းဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ရာခိုင်နှုန်း ၈၀ လောက်ပြီးသွားပြီ။ ပြင်ဆင်ထားတာကတော့ တရားပွဲစင်မြင့်တွေ၊ ပြည်သူ့ရင်ပြင်ထဲမှာ မဏ္ဍပ်တွေ၊ ဆေးခန်းတွေ ရှိမယ်၊ စာအုပ်ဆိုင်တွေရှိမယ်၊ စတုဒိသာမဏ္ဍပ်တွေရှိမယ်၊ အားလုံး ၁၉ လုံးလောက်ရှိမယ်” ဟု အခမ်းအနားပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွတ်က ပြောကြားသည်။

 

 

Most Read

Most Recent