တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးလာကြပြီး မောင်တောမြို့နယ်အတွင်း လာရောက်ခိုလှုံသူ စစ်ဘေးရှောင် မြိုတိုင်းရင်းသား ၅၀၀ ကျော်ရှိလာ

တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးလာကြပြီး မောင်တောမြို့နယ်အတွင်း လာရောက်ခိုလှုံသူ စစ်ဘေးရှောင် မြိုတိုင်းရင်းသား ၅၀၀ ကျော်ရှိလာ
Published 25 December 2017

ဘူးသီးတောင်မြို့နယ်မှ နေရပ်စွန့်ခွာလာပြီး မောင်တောမြို့နယ် (၃) မိုင် သီဟို သရက်တောတွင်  လာရောက်ခိုလှုံနေသည့် တောင်ပေါ်နေ မြိုတိုင်းရင်းသား ၅၀၀ ကျော် ရှိလာကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ဒေသခံ မြိုတိုင်းရင်းသားများ သည် မောင်တောမြို့နယ်သို့ ဒီဇင်ဘာလဆန်းပိုင်းကတည်းက စတင်ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များအား မောင်တောမြို့နယ် သံဃနာယကအတွင်းရေးမှူး၊ (၃) မိုင်ပရဟိတဆရာတော် ဘဒ္ဒန္တစန္ဒာသီရိကဦးဆောင်၍ မောင်တောမြို့ (၃) မိုင် သီဟို သရက်ခြံအနီးတွင် ယာယီတဲများထိုးပေးပြီး ယာယီနေရာချပေးထားကြောင်း သိရသည်။

လက်ရှိ မောင်တောမြို့နယ်အတွင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များမှာ ဘူးသီးတောင်မြို့နယ် လောင်းယုံအုပ်စု ပလက်ဆိုက်ကျေးရွာမှ အိမ်ထောင်စုလေးစု၊ တောင်ချောင်းကြီးရွာမှ အိမ်ထောင်စုသုံးစု၊ နတ်ဆိတ်ရွာမှ အိမ်ထောင်စုလေးစု၊ မောင်ထွန်းသာကျးရွာမှ အိမ်ထောင်စုနှစ်စု၊ တောင်ချေ ရွာမှ အိမ်ထောင်စု နှစ်စု၊ သြရမင်းကျေးရွာ အုပ်စု သလူပြားရွာမှ အိမ်ထောင်စု ၁၀ စု၊ မြောက်ချောင်းရွာမှ အိမ်ထောင်စုနှစ်စု၊ အေရာရှကျေးရွာအုပ်စု မရီးမီးကျေးရွာမှ အိမ် ထောင်စုလေးစု၊ သြရမင်းကျေးရွာအုပ်စု  လက်ပံကိုင်းကျေးရွာမှ အိမ်ထောင်စု ၁၆ စု၊

အောက်ချောင်းဝကျေးရွာအုပ်စုမှ အိမ်ထောင်စု ရှစ်စု၊ သလူကျွန်းကျေးရွာမှ အိမ်ထောင်စု လေးစုတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ဘင်္ဂါလီအကြမ်းဖက်သမားများရန်ကြောင့် နေရပ်စွန့်ခွာလာသူ မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၄ စု ရှိနေကြောင်း၊ နေရပ်စွန့်ခွာသူ

စုစုပေါင်းအိမ်ထောင်စု  ၇၄ စုနှင့် လူဦးရေ ၅၁၅ ဦးသည် မောင်တောမြို့ (၃) မိုင်ရပ်ကွက် သီဟိုသရက်တောတွင် ယာယီခိုလှုံနေခြင်းဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာသည့် နေရပ်စွန့်ခွာလာသူ အခြေအနေများနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်သံဃနာယကအတွင်းရေးမှူး (၃) မိုင် ပရဟိတဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက “အခု ရောက်နေတာကတော့ စစ်ဘေးရှောင်အားလုံး အိမ်ထောင်စု ၇၄ စု လူဦးရေ ၅၁၅ ဦး ရောက်နေတယ်။ လူဦးရေက ပထမ ဘာသာခြားကိုကြောက်လို့ ထွက်ပြေးလာကြတဲ့ အုပ်စုမှာ ကျားက ၆၄ ဦး၊ မ ၆၄  ဦး ဖြစ်တယ်။ နောက် ရောက်လာတဲ့ စစ်ဘေးရှောင်တွေက ကျား ၂၀၃ ဦးနဲ့ မ ၁၆၁ ဦး ဖြစ်တယ်။ စုစုပေါင်း ၅၁၅ ဦး ရောက်နေတယ်။ အခုက ဘူးသီးတောင်မြို့နယ် တောထဲတောင်ထဲမှာနေတဲ့သူတွေဖြစ်တယ်။ သူတို့က ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်ဘက်ကို နီးသွားတယ်။ အခုပြောင်းလာတဲ့ ရွာတွေဆိုရင်လည်း ရွာကြီး တွေမဟုတ်ဘူး။ အိမ်ခြေသုံးဆောင်၊ ငါးဆောင် နဲ့ ရွာတွေဖြစ်တယ်။ တောင်ယာမှာ နေကြသူတွေဖြစ်တယ်။ အခု တိုက်ပွဲတွေဖြစ်လာတော့ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ အခုတော့ ဘုန်းဘုန်း ကပဲ စောင့်ရှောက်ထားတယ်။ တာဝန်ရှိသူတွေကတော့ ဘာအကူအညီလိုသလဲလို့ လာမေးတာရှိတယ်။ အခုတော့ အလှူအဖွဲ့တွေရဲ့ အထောက်အပံ့တွေနဲ့ ယာယီတဲတွေ ထိုးထားတယ်။ သူတို့က တောတောင်မသွားရဲကြတော့ ရေရှည်မှာ စားနပ်ရိက္ခာ အခက်အခဲ ရှိလာမယ်။ အခုတော့ လောလောဆယ်နေဖို့ အဆင်ပြေနေပေမယ့် စားဖို့အခက်အခဲရှိနေသေးတယ်။ ကလေးတွေကိုတော့ ဘုန်းဘုန်းရဲ့ ပရဟိတကျောင်းမှာပဲ စာသင်ထားတယ်”ဟု ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်   သြရမင်းကျေးရွာအုပ်စု လက်ပံကိုင်းကျေးရွာမှ နေရပ်စွန့်ခွာလာသူတစ်ဦးက “ကျွန်တော်တို့ ထွက်ပြေးလာတာက အခက်အခဲတွေရှိလို့ပါ။ ကျွန်တော်တို့အထက်ရွာမှာ တိုက်ပွဲတွေဖြစ်လို့ရွာမှာ မနေရဲတော့လို့ ထွက်ပြေးတိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်မှာ မိသားစုခုနစ်ယောက် ရှိပါတယ်။ အခု လူမှုအဖွဲ့အစည်းတွေက လာပြီးကူညီကြလို့ သက်သာရာရကြပါတယ်။ ဒီထက်မက လိုအပ်ချက်တွေ ရှိနေပါ တယ်”ဟု ပြောကြားသည်။

“ကျွန်မတို့မှာ စားဝတ်နေရေး အခက်အခဲ ရှိပါတယ်။ ယာမှာ စပါးတွေကို ထားပစ်ခဲ့ရပါတယ်။ အခု စားဖို့ဆန်နဲ့ ငါးပိ၊ ဆားတွေ လိုအပ်ပါတယ်”ဟု စစ်ဘေးရှောင် မြိုအမျိုးသမီးတစ်ဦးက ပြောကြားသည်။

Most Read

Most Recent