ဆေးရုံကြီးကြပ်ရေး ကော်မတီက ဦးစီးသည့် ဆေးအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထား

ဆေးရုံကြီးကြပ်ရေး ကော်မတီက ဦးစီးသည့် ဆေးအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထား
Published 25 December 2017

ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း ဖွင့်လှစ်ရောင်းချခဲ့သည့် ဆေးအရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်

ပြည်သူ့ဆေးရုံကြီးများတွင် ဆေးရုံကြီးကြပ်ရေး ကော်မတီက ဦးစီးသည့် ဆေးအရောင်းဆိုင်များကို ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံးရှိ ဗဟိုအဆင့် ဆေးရုံ ၃၉ ရုံတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဆေးအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများတွင ်ဈေးနှုန်းသင့်တင့်သော စားသောက်ဆိုင်၊ ဆေးဆိုင်၊ စတိုးဆိုင်တို့ကို ဆေးရုံကြီးကြပ်မှု ကော်မတီနှင့် ညှိနှိုင်း၍ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ကနဦးအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် ဆေးရုံကြီးကြပ်ရေး ကော်မတီက ဦးစီးသည့် ဆေးအရောင်းဆိုင်များ ဖွင့်လှစ်မည်ဖြစ်ရာ ယင်းဆေးဆိုင်တွင် ပြင်ပတွင် ဝယ်ယူရခက်ခဲသည့် ဆေးအမျိုးအစားများကို ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် တက်ရောက် ကုသသည့် လူနာများ ဆေးဝါးဝယ်ယူရာတွင် အဆင်ပြေစေရန်နှင့် ဈေးနှုန်းသက်သာစေရန် ရည်ရွယ်၍ အဆိုပါ ဆေးအရောင်းဆိုင်များကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးများတွင် ဆေးရုံကြီးကြပ်ရေး ကော်မတီက ဦးစီးပြီးဆေးဆိုင်များ ဖွင့်လှစ်ရောင်းချသည့်ကိစ္စကို သဘောတူခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ဆေးခန်းများကို စီမံချက်များဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ဗဟိုအဆင့်ဆေးရုံ ၃၉ ရုံတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံပိုင်ဆေးရုံကြီးများတွင် ဖွင့်လှစ်ခဲ့သည့် ဆေးဆိုင်များမှာ ပုဂ္ဂလိက ဆေးအရောင်းဆိုင်များဖြစ်ပြီး ဆေးရုံကြီးကြပ်ရေး ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် မရှိခဲ့ကြောင်းနှင့် အဆိုပါ ဆေးဆိုင်များကို၂၀၁၅ ခုနှစ် မေလအတွင်းက ဆေးဆိုင်များ အနေဖြင့် စာချုပ်သက်တမ်းပြည့်သည့် နေ့မှစ၍ ပိတ်သိမ်းရန် ကုသရေး ဦးစီးဌာနက ညွှန်ကြားခဲ့ကြောင်း သိရသည်။